ရန်ကုန် ၁၃ အောက်တိုဘာ

 

ရန်ကုန်မြို့ မြို့ပတ်ရထားလမ်းပိုင်းများ အဆင့်မြှင့်တင်မှုကို ဆောင်ရွက်ခဲ့ပြီး ရန်ကုန်မြို့သို့ အချိန်တိုအတွင်း ခရီးသွားလာမှုနှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်စေရန် ရှစ်နာရီဖြင့် မန္တလေးမြို့သို့ သွားလာနိုင်မည့် ရန်ကုန်-မန္တလေး ရထားလမ်းကိုလည်း အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိ၍ ကိုဗစ်-၁၉ ရောဂါ ဒုတိယအကြိမ်ဖြစ်ပွားချိန်၌ ရထားလမ်းအဆင့်မြှင့်တင်မှု လုပ်ငန်းများကို ခေတ္တရပ် နားထားရာ ခွင့်ပြုချက်ရရှိပါက ရန်ကုန်-တောင်ငူ ရထားလမ်းပိုင်း လုပ်ငန်းခွင်ပြန်လည် စတင်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

 

“ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ညွှန်ကြားချက်ထွက်တဲ့ နေ့ကစပြီး လုပ်ငန်းကို ရပ်ထားပါတယ်။ ရန်ကု န်-တောင်ငူ ရထားလမ်းပိုင်းကို မြေသားလုပ်ငန်း၊ သံလမ်းလုပ်ငန်း၊ တံတားလုပ်ငန်းတွေ လုပ်ဆောင်နေစဉ်မှာယာယီ ရပ်ထားတာပါ။ ခွင့်ပြုချက်ရတာနဲ့ ချက်ခြင်းပြန်စမှာပါ”ဟု ရန်ကုန်-တောင်ငူ ရထားလမ်းပိုင်း စီမံကိန်း အင်ဂျင်နီယာ ဦးရဲလွင်စိုးက ပြောသည်။

 

ရန်ကုန်-မန္တလေး အမြန်ရထားလမ်းပိုင်း အဆင့်မြှင့်တင်မှုကို ရန်ကုန်-တောင်ငူ အပိုင်းနှင့် မန္တလေး-တောင်ငူ အပိုင်းဟူ၍ စီမံဆောင်ရွက်လျက်ရှိပြီး ရန်ကုန်-တောင်ငူ လမ်းပိုင်းကို ဦးစွာဆောင်ရွက်လျက်ရှိရာ ထိုလမ်းပိုင်းတွင်အသုံး ပြုမည့်ရထား သံလမ်းများအား ဂျပန်နိုင်ငံမှ ရန်ကုန်ဆိပ်ကမ်းသို့ သင်္ဘောဖြင့် ပို့ဆောင်လျက်ရှိသည်။ သင်္ဘောခေါက် ရေ ၂၀ ပေးပို့ရာ၌ မြန်မာပြည်သို့ ၁၆ ခေါက်မြောက်အဖြစ် သံလမ်းများ ရောက်ရှိနေပြီး ရထားလမ်း အဆင့်မြှင့်တင်မှု ဆောင်ရွက်မည့် စီမံကိန်းနေရာများသို့ ပို့ဆောင်ထားပြီးဖြစ်ရာ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း လုပ်ငန်းခွင်ယာ ယီရပ်နားထားသော ရန်ကုန်- တောင်ငူ ရထားလမ်းပိုင်း အဆင့်မြှင့်တင်မှု စီမံကိန်း ဆက်လက် လည်ပတ်ရန် ခွင့်ပြု ချက်ရရှိပါက လုပ်ငန်းခွင်ပြန်လည် စတင်မည်ဖြစ်ကြောင်းသိရသည်။

 

သန်းထိုက်

ဓာတ်ပုံ-သစ္စာ