မိတ္ထီလာ  ၁၃   အောက်တိုဘာ

 

မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးရွာများ၏ ရေသုံးစွဲမှု အခြေအနေများအား Rural Water Supply & Management Information System ဖြင့် ကောက်ယူ စုစည်းပြီး သန့်ရှင်းခြင်း ရှိ/မရှိ Ecoli Test Kit များ စမ်းသပ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးလက်ဒေသများတွင် သောက်သုံးရေ အခက်အခဲမရှိစေရေးနှင့် သန့်ရှင်းသော သောက်သုံးရေရရှိစေရေးတို့အတွက် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာ မြို့နယ်အတွင်းရှိ ကျေးရွာတိုင်း သောက်သုံးရေအခက်အခဲ မရှိစေရေးအတွက် စက်ရေတွင်းတူးဖော်ခြင်း၊ မြေသားရေကန် ပြန်လည်တူးဖော်ပြုပြင်ခြင်းများကို နှစ်စဉ် ဘဏ္ဍာရေးနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ယင်းသို့ သောက်သုံးရေ အခက်အခဲမရှိစေရေးအတွက်  မြို့နယ်အတွင်းရှိ ကျေးရွာများတွင် လက်ရှိ ရေသုံးစွဲမှုအခြေအနေများအား Rural Water Supply & Management Information Systemဖြင့် ကောက်ယူစုစည်းခြင်းလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ Rural Water Supply & Management Information System ဖြင့်  လက်ရှိ ရေသုံးမှုအခြေအနေ များကို ကောက်ယူစုစည်းပြီး အဆိုပါ ရေများတွင် သန့်ရှင်းမှုရှိမရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တိုးတိုး(နည်းပညာ)နှင့် ဝန်ထမ်းများက Ecoli Test Kit များ စမ်းသပ်စစ်ဆေးလျက်ရှိရာ မိတ္ထီလာမြို့နယ်တွင် ကျေးရွာ (၃၈၀)ရှိသည့်အနက်  ကျေးရွာ(၈၀)ကို စတင်၍ စမ်းသပ်စစ်ဆေးလျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်ခင်မျိုးမျိုးလတ်ထံမှ သိရသည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)