မန္တလေး ၁၃ အောက်တိုဘာ

Coronavirus Disease 2019 (COVID-19) ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ မန္တလေးတိုင်းဒေသကြီးအတွင်း လိုအပ်သည့် နေရာများတွင် အသုံးပြု နိုင်ရန်အတွက် အလှူရှင်များက  COVID-19 Mobile Swab Collection Vehicle ၈ စီးကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးသို့ အောက်တိုဘာ ၁၂ ရက် နံနက်ပိုင်းက လာရောက် လှူဒါန်းခဲ့သည်။

 

ထိုသို့ သို့လှူဒါန်းရာတွင် မော်တော်ယာဉ် ၈ စီးနှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် တာဝန်ရှိသူများက လက်ခံ၍ ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

 

မန္တလေးတိုင်းဒေသကြီးအတွင်း လိုအပ်သည့်နေရာများ၌ Swab နမူနာရယူသည့်အခါ အသုံးပြုနိုင်ရန် အတွက် ရည်ရွယ်လှူဒါန်းသော အဆိုပါယာဉ်များတွင် ကျန်းမာရေးအထောက်အကူပြု ဆက်စပ် ပစ္စည်းများ၊ လေအေးပေးစနစ်၊ Electrical Safety စနစ်များလည်း ပါဝင်ကြောင်း သိရသည်။

 

“ကိုဗစ်လူနာတွေကို မြန်မြန်ရှာ  မြန်မြန် Quarantine ဝင်၊ မြန်မြန်ကုဖို့အရေးကြီးတယ်၊ တတ်နိုင်သလောက် လှူဖြစ်သွားတာပါ၊ အဓိက Swab ယူဖို့ အတွက်လုပ်ပေးထားတာပါ၊ ဓာတ်ခွဲတာ မပါဘူး၊ Mobile Swab Station သဘောမျိုးပါ၊ Safety ဖြစ် အောင်လုပ်ထားတယ်၊ Swab ယူမယ့် ဆရာဝန် ပညာရှင်တွေ ကားထဲမှာနေပြီးယူမယ်၊ ဘယ်နေရာမဆိုသွားလို့ရတယ်၊ အပြင်ကပိုးပါတဲ့ လေအထဲ မဝင်အောင် လုံအောင်လုပ်ထားတယ်၊ လျှပ်စစ်မီးရော မီးစက်နဲ့ရော အသုံးပြုလို့ရတယ်၊ အားလုံးအပြီး အစီးတစ်ရာတစ်ဆယ့်ခြောက်သိန်းကုန်ကျပါတယ်၊ တခြားလှူတွေလှူလို့ရအောင် ကားအစီးအတိုင်းကို ကျပ်သိန်း ၂၀ မျှဝေတဲ့အနေနဲ့ လှူပေးတာပါ၊ အလှူရှင်က ၉၆ သိန်းကုန်ကျမှာပါ၊ ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး ပြည်သူတွေအနေနဲ့ Mask တပ်ပါ၊ လက်ဆေးပါ၊ လူစုလူဝေးနေရာ တွေသွားတာကို အတတ်နိုင်ဆုံးရှောင်ရှားပါ၊ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်တွေ နည်းလမ်းတွေကို လိုက်နာဖို့လိုပါတယ်” ဟု အလှူရှင် ဒေါက်တာကိုကိုအောင် (Century Auto Mart and Nissan Icon Auto) က ပြောသည်။

 

အဆိုပါ COVID-19 Mobile Swab Collection Vehicle အလှူရှင်များအနေဖြင့် ဒေါက်တာ ကိုကိုအောင်+ဒေါက်တာမိမိဇင် (Century Auto Mart and Nissan Icon Auto) မိသားစုက မော် တော်ယာဉ် နှစ်စီးကိုလည်းကောင်း၊ ဦးရန်အောင်+ဒေါ်ရင်ရွှင်(နယူးစတားစိန်ရွှေရတနာဆိုင်)မိသားစု က မော်တော်ယာဉ်တစ်စီးကိုလည်းကောင်း၊ New Star Light Constructioin Co.,Ltd မိသားစုက မော်တော်ယာဉ် တစ်စီးကိုလည်းကောင်း၊ ဦးဇင်မင်းဆွေ+ဒေါ်မြသန္တာလင်း (C.A.D Construction and Decoration Company) မိသားစုက မော်တော်ယာဉ် တစ်စီးကိုလည်းကောင်း၊ ဦးတင်ထွန်း+ ဒေါ်နန်းအေးထွမ်း-ရွှေဝါမြေ(မန္တလေး) ကျောက်မျက်ကုမ္ပဏီလီမိတက် မိသားစုက မော်တော်ယာဉ် တစ်စီးကိုလည်းကောင်း၊ Ngwe Yi Pale Group of Company မိသားစုက မော်တော်ယာဉ် တစ်စီးကို လည်းကောင်း၊ Phwint Phyo Thit Company မိသားစုက မော်တော်ယာဉ် တစ်စီးကိုလည်းကောင်း လှူဒါန်းခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

မင်းထက်အောင် (မန်းကိုယ်ပွား)