ပြည်ကြီးတံခွန် ၁၃ အောက်တိုဘာ

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ပြည်ကြီးတံခွန်မြို့နယ်၏ ဒေသန္တရစီမံကိန်းရည်မှန်းချက်များအား ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေ ကျပ်သန်းပေါင်း (၁၄၀၆၃ ဒသမ ၈၅) နှင့် တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေ ကျပ်သန်းပေါင်း (၆၁၀၁၂ ဒသမ ၆၈၂)  တို့ဖြင့် စုစုပေါင်းဘဏ္ဍာရန်ပုံငွေ (၇၅၀၇၆ ဒသမ ၅၃၂) ဖြင့် ဌာနဆိုင်ရာများမှ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ကြီးတံခွန်မြို့နယ် စီမံကိန်းဦးစီးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မြတ်မြတ်သင်းထံမှ သိရသည်။

 

ပြည်ကြီးတံခွန်မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ဒေသန္တရစီမံကိန်းရည်မှန်းချက်များအား ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေနှင့် တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေတို့ဖြင့် လုပ်ငန်းစီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံ မှု လုပ်ငန်း စီမံကိန်းများအား အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး (၄ ဒသမ ၂) ရာခိုင်နှုန်း တိုးတက်မှုရရှိရန် ရည်မှန်းကာ ဆောင်ရွက်သွားမည်ဖြစ်သည်။

 

ပြည်ကြီးတံခွန်မြို့နယ်၏ ဒေသန္တရစီမံကိန်းရည်မှန်းချက်များအား ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ရင်းနှီးမြှုပ်နှံမှု အစီအစဉ်မှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရုံးဆောက်လုပ်မည့် လုပ်ငန်းများ၊ စက်ပစ္စည်းဝယ်ယူမှုမည့် လုပ်ငန်းများ၊ ရုံးဆောက်လုပ်မည့်လုပ်ငန်းများ၊ လျှပ်စစ်ကဏ္ဍအတွက် လုပ်ငန်းများ၊ ကျောင်းဆောက် လုပ်မည့် လုပ်ငန်းများ၊ ကျန်းမာရေးအဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာဆောက်လုပ်မည့် အစီအစဉ်များ ပါဝင်ကြောင်း၊ တိုင်းဒေသကြီးဘဏ္ဍာ ရန်ပုံငွေဖြင့် ရင်းနှီးမြှုပ်နှံမှုအစီအစဉ်မှာ Food Safety ဆောက်လုပ် မည့်အစီအစဉ်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအသစ် ဆောက်လုပ်မည့် အစီအစဉ်များ၊ စက်ပစ္စည်း ဝယ်ယူမည့် အစီအစဉ်များနှင့် ရေပေးဝေရေးအစီအစဉ်များ ပါဝင်ကြောင်း ပြည်ကြီးတံခွန်မြို့နယ် စီမံကိန်း ဦးစီးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြတ်မြတ်သင်းက ပြောကြားသည်။

 

ပြည်ကြီးတံခွန်မြို့နယ်၏ ဒေသန္တရစီမံကိန်းရည်မှန်းချက်များအား  ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေကျပ် (၁၄၀၆၃ ဒသမ ၈၅)သန်းဖြင့် လျာထားချက်အစီအစဉ်မှာ ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် ငွေကျပ် (၁၉၈ ဒသမ ၄၅၂)သန်း၊ စီမံကိန်းဘဏ္ဍရေးနှင့်စက်မှုဝန်ကြီးဌာနအနေဖြင့် ငွေကျပ်(၈ ဒသမ ၄)သန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ငွေကျပ်(၈၅ ဒသမ ၀၂)သန်း၊ ပို့ဆောင်ရေးနှင့် စက်မှု ဝန်ကြီးဌာနအနေဖြင့် ငွေကျပ် (၃၂၅၅ ဒသမ ၂၃၉) သန်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ငွေကျပ်(၉၃၂၀ ဒသမ ၇၄၄)သန်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ငွေကျပ်(၉၄၆ ဒသမ ၆၁) သန်းနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ငွေကျပ် (၂၄၉ ဒသမ ၃၈၅)သန်းတို့ဖြစ်ပြီး တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေကျပ်(၆၁၀၁၂ ဒသမ ၆၈၂)သန်းဖြင့် လျာထားချက်အစီအစဉ်မှာ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ငွေကျပ် (၂၀၉ ဒသမ ၉၇၄)သန်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနအနေဖြင့် ငွေကျပ်သန်း (၂၀)၊ စီမံကိန်းဘဏ္ဍရေးနှင့်စက်မှုဝန်ကြီးဌာနအနေဖြင့် ငွေကျပ်(၄၁၇ ဒသမ ၅၈၇)သန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ငွေကျပ်(၄၈ ဒသမ ၁၂၁)သန်းနှင့် မန္တလေး မြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် ငွေကျပ်(၆၀၃၁၇)သန်းတို့ လျာထားကြောင်း ပြည်ကြီး တံခွန်မြို့နယ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် စီမံကိန်း ရည်မှန်းချက်များနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစီမံကိန်း လျာထားချက်စာရင်းများအရ သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)