ပုသိမ်  ၁၃  အောက်တိုဘာ

COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုများကြောင့် လတ်တလောကာလတွင် ကုန်တင်ယာဉ်များ သွားလာမှု နှင့်ပတ်သက်၍ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးနှင့် ကုန်စည်စီးဆင်းမှု ပြတ်တောက်မှုမရှိစေရေး အတွက် ဧရာဝတီတိုင်းဒေသကြီးအတွင်း မအူပင်-ခတ္တယဂိတ်၊ ဒေးဒရဲ-တံတားဂိတ်၊ ကြံခင်း- အုတ်ပုံဂိတ်၊ ညောင်တုန်း- မဲဇလီဂိတ်၊ ရေကြည်-ရေနံသာဂီတ်နှင့် ပုသိမ် -ကျောက်ချွန်ဂိတ် အဝင်ဂိတ် (၆) ဂိတ်အား အောက်တိုဘာ ၁၀ ရက်မှစ၍ RDT COVID-19 Ag Test ဖြင့် ကုန်စည်ပို့ဆောင်ရေး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို စစ်ဆေးခဲ့သည်။ စတင်စစ်ဆေးချိန်မှာ အောက်တိုဘာ ၁၂ ရက်အထိ ဧရာဝတီတိုင်းဒေသကြီး အဝင်ဂိတ် (၅) ခုတွင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၁၁၆၄) ဦး အား စစ်ဆေးခဲ့ရာ (၂၃)ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိခဲ့သည်။

 

တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းထွန်းအောင်က “ပိုးတွေ့လူနာများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ‌သက်ဆိုင်ရာမြို့နယ် ပြည်သူ့ဆေးရုံ များတွင် ကုသပေးလျက် ရှိကြောင်း၊ RDT COVID-19 Ag Test ဖြင့် စစ်ဆေးခအဖြစ် တစ်ဦးလျှင် ငွေကျပ် ၂၀၀၀၀ နှုန်း ကောက်ယူခဲ့ရာမှ အောက်တိုဘာ ၁၃ ရက်မှစ၍  တစ်ဦးလျှင် ငွေကျပ် ၁၀၀၀၀ နှုန်းဖြင့် လျှော့ချ၍ ကောက်ခံစစ်ဆေးသွားမည်ဖြစ်ကြောင်း” ပြောကြားသည်။

ကိုတွတ် (ပြန်/ဆက်)