နေပြည်တော်  ၁၃  အောက်တိုဘာ

ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၆၆၄၂၅ ဘီလီယံ တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

အဆိုပါသတင်းထုတ်ပြန်ချက်တွင် ကျိုင်းတုံမြို့နယ်၊ တောင်ကြီး-ကျိုင်းတုံသွားလမ်း၊ ကျိုင်းဖောင်း ကျေးရွာအနီးရှိ Covid-19 စစ်ဆေးရေးစခန်းတွင် အောက်တိုဘာ ၁၂ ရက် နံနက် ၉ နာရီက မိုင်းပျဉ်းဘက်မှ ကျိုင်းတုံဘက်သို့ ဖြတ်သန်းမောင်းနှင်လာသည့် Vigo အမျိုးအစား မော်တော် ယာဉ်ကို တာဝန်ကျ ယာဉ်ထိန်း ရဲတပ်ဖွဲ့မှတားဆီးရာ ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားခဲ့ ကြောင်း၊ ထို့ကြောင့် ပိတ်ဆို့ဖမ်းဆီးခဲ့ရာ နံနက် ၉ နာရီခွဲတွင်   ကျိုင်းတုံမြို့၊ ရပ်ကွက်(၁)၊ နောင်ရေး လမ်း၊ ယာဉ်ထိန်းရုံးရှေ့၌ အဆိုပါကားကို ကျဟဲ၊ ကျစောနဲ တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ပူးပေါင်းအဖွဲ့က မော်တော်ယာဉ်အားရှာဖွေရာ ငွေကျပ် ၁ ဒသမ ၆၆၄၂၅ ဘီလီယံ တန်ဖိုးရှိ    ဘိန်းဖြူ ၁၁၀ ဒသမ ၉၅ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ကျဟဲ(၃၅)နှစ်၊ ကျစောနဲ (၁၅)နှစ် တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်းနှင့် ကွင်းဆက် တရားခံများ ဖော်ထုတ်လျက်ရှိကြောင်း ဖော်ပြပါရှိသည်။ 

(သတင်းစဉ်)