ဖလမ်း ၁၃ အောက်တိုဘာ

ကလေး-ဖလမ်း-ဟားခါးလမ်းရှိ မဏိပူရ်မြစ်ကူး ဗားရ်တံတားအမှတ်(၂)သည် ၂၀၁၈ ခုနှစ် ဇွန်လ ၇ ရက် မှစ၍ တံတားဦးစီးဌာန၊ တံတားစီမံကိန်းအဖွဲ့(၁)က စတင်တည်ဆောက်ခြင်းဖြစ်သည်။

 

“ဒီဗားရ်တံတား အမှတ်(၂)ကတော့ တည်ဆောက်ရေးအပိုင်းကတော့ပြီးသွားပြီ။ တံတားဦးစီးဌာန အနေနဲ့တော့ ဖွင့်ဖို့တော့ အဆင်သင့်ဖြစ်ပြီလို့ အကြောင်းကြားတဲ့အခါမှာ ဒုတိယသမ္မတရယ်၊ ချင်းပြည်နယ် အစိုးအရအဖွဲ့ရယ်၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းချက်အရတော့ အောက်တိုဘာ ၂၇ ရက်မှာ တံတားဖွင့်ပွဲကျင်းပဖို့တော့ စီစဉ် ထားပါတယ်။ တံတားနှစ်စင်းပေါ့နော် အရင်အဟောင်းနှင့် အသစ် နှစ်စင်းရှိတဲ့အခါမှာ ပြည်သူလူထုအတွက်လည်း တော်တော်လေး အဆင်ပြေသွားပါပြီ။ အခုဆိုရင် နွေ မိုး ဆောင်း ရာသီမရွေး မိုးတွင်းမှာရေကြီးလို့ ရေလျှံမယ့် အန္တရာယ်ရှိလာမယ်ဆိုတဲ့ စိုးရိမ်စိတ်ကလည်း ခုချိန်မှာတော့ ပြည်သူလူထုစိတ်ထဲမှာ ပျောက်သွားပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်၊ ဖလမ်း၊ ဟားခါး၊ ထန်တလန်၊ ရိမြို့ထိ စားဝတ်နေရေး အစစအရာရာက စစ်ကိုင်းတိုင်း ကလေးမြို့နယ်နယ်ဘက်ကနေ သယ်ဆောင်လာတဲ့ လမ်းကြောင်း ပေါ်မှာရှိတဲ့ တံတားဖြစ်တဲ့အတွက် ပြည်သူလူထုတွေက ရေကြီးလို့ရှိရင်တော့ တံတားအဟောင်းက ရေကြီးမျောပါသွားမလားဆိုတဲ့ စိုးရိမ်စိတ်အမြဲတမ်းရှိပါတယ်။ တံတားဖွင့်ပြီးလို့ရှိရင် အဲဒီစိုးရိမ်သောက တွေ ပူပန်တဲ့သောကတွေ ပျောက်သွားပြီးတော့ အေးအေးချမ်းချမ်းနဲ့ စိတ်ချလက်ချနဲ့နေနိုင်မှာဖြစ်ပါ တယ်”လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က ပြောသည်။

 

ဗားရ်တံတားအမှတ်(၂)သည် တံတားအရှည် ၅၅၇ ဒသမ ၇၇ ပေရှိပြီး အကျယ် ပေ ၃၀ ရှိကာ ရေလမ်း ကင်းလွတ်အမြင့် ၉ ဒသမ ၈၄၃ ပေရှိကြောင်း၊ သံကူကွန်ကရစ် အမျိုးအစားဖြစ်ပြီး စီမံကိန်းတန်ဖိုး ငွေကျပ်သန်း ၄၀၅၀ ဖြင့် တည်ဆောက်ခြင်းဖြစ်သည်။

 

လက်ရှိအသုံးပြုလျက်ရှိသည့်  ဗားရ်တံတားအမှတ်(၁)သည် ၂၀၁၅ ခုနှစ် ကိုမာန်မုန်တိုင်းတိုက်ခတ်စဉ် မဏိပူရ်မြစ်ရေကြီးမှုကြောင့် တံတားသံပေါင်အောက်ခြေအထိ မြစ်ရေတက်ခဲ့သဖြင့် တံတားကို ခေတ္တ ပိတ်ခဲ့ရသည်။ မြစ်ရေပမာဏ ပိုမိုတက်ရောက်ခဲ့ပါက ဗားရ်တံတားအတွက် အန္တရာယ်ရှိနိုင်ပြီး ကလေး-ဖလမ်း-ဟားခါးလမ်းမကြီးအဆက်အသွယ် ပြတ်တောက်မှုဖြစ်ပေါ်လာနိုင်သဖြင့် ယခုတံတား(၂)ကို တည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်