မန္တလေး ၁၃ အောက်တိုဘာ
COVID-19 ရောဂါ ကာကွယ်ရေးအတွက် မီးဖိုချောင်သုံး အခြေခံစားသောက်ကုန်ပစ္စည်း တချို့ကို မန္တလေးတိုင်းဒေသကြီး ဆန်လုပ်ငန်းရှင်များအသင်းက ရပ်ကွက်ထဲတွေအထိ မိုဘိုင်းစနစ်နဲ့လိုက်လံ ရောင်းချပေးနေကြောင်း သိရသည်။
ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အာလူးမှစ၍ ကျန်စားသောက်ကုန်များကို အပြင်ပေါက်စျေးထက် စျေးနှုန်းလျှော့ရောင်းချ ပေးနေသည်ဟု ပြောသည်။
"ကျွန်တော်တို့က နိုင်ငံတော်ရိက္ခာဆန် လျှော့စျေးနဲ့ လိုက်ရောင်းပေးနေတော့ ဝယ်ကြတဲ့သူတွေက အာလူးလေးရော မပါဘူးလား ကြက်သွန်နီ လေးရောမပါဘူးလားဆိုတာနဲ့ပဲ ဒါတွေပါရောင်းချပေးသွားဖို့ စီစဉ်လိုက်တာပါ၊ အပြင်စျေးထက်လည်း သက်သာရမယ်၊ တစ်ထုပ်ယူတစ် ထောင်နှုန်းပေါ့ အဲဒီလိုစနစ်နဲ့ ရောင်းပေးနေတာပါ" ဟု မန္တလေးတိုင်းဒေသကြီး ဆန်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးဌေးလွင်က ပြောသည်။
မီးဖိုချောင်သုံး စားသောက်ကုန်တွေကို တစ်အိတ်တစ်ထောင်ကျပ်နှုန်းနဲ့ ရောင်းချပေးနေတာဖြစ်ပြီး ရပ်ကွက်အလိုက် နိုင်ငံတော်အရေးပေါ် ရိက္ခာဆန်လိုက်လံ ရောင်းချပေးတဲ့မိုဘိုင်း မော်တော်ယာဉ်နဲ့ အတူ တစ်ပါတည်းယူလာပြီး ရောင်းချပေးနေခြင်းဖြစ်သည်ဟု သိရသည်။
ဖြိုးအိ


