နေပြည်တော် ၁၃ အောက်တိုဘာ
၂၀၂၀ ပြည့်နှစ် အပြည်ပြည်ဆိုင်ရာ သဘာ၀ဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ Video Conferencing စနစ်ဖြင့် တက်ရောက် အမှာစကားပြောကြားသည်။
အခမ်းအနားသို့ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးစိုးအောင်၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာကိုကိုနိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဦးစိုးဝင်း၊ ဒေါက်တာဖေမြင့်၊ ဒေါက်တာအောင်သူ၊ ဦးသန့်စင်မောင်၊ ဦးအုန်းဝင်း၊ ဦးဟန်ဇော်နှင့် ဒေါက်တာဝင်းမြတ်အေး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာကူညီမှုညှိနှိုင်းရေးမှူး၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ လူမှုရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ ညွှန်ကြားရေးမှူးချုပ်များက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယသမ္မတက ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက နှစ်စဉ် အောက်တိုဘာ ၁၃ ရက်ကို အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့ (International Day for Disaster Reduction- IDDR) အဖြစ် ၂၀၀၉ခုနှစ်တွင် စတင်သတ်မှတ်ခဲ့ပါကြောင်း၊ လွန်ခဲ့သည့် ၂၀၁၉ ခုနှစ်က ဘေးအန္တရာယ်များကို လျှော့ချရေးဆိုသည်ထက် ဘေးဖြစ်လျှင် ထိခိုက်နိုင်ခြေများကို လျှော့ချဖို့အရေးသည် ပို၍အရေးပါသည်ဟု စဉ်းစားသုံးသပ်ပြီး အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ (International Day for Disaster Risk Reduction- IDDRR)အဖြစ် ပြောင်းလဲခေါ်တွင်ခဲ့ပါကြောင်း။
ယခုနှစ် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ကို ဘေးအန္တရာယ် ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးဆိုင်ရာ ဆန်ဒိုင်းမူဘောင် (၂၀၁၅-၂၀၃၀)၏ ပန်းတိုင်(E)ဖြစ်သည့် နိုင်ငံတော်အဆင့်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်များတွင် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံး နိုင်ခြေ လျှော့ချရေးဆိုင်ရာ မဟာဗျူဟာများနှင့် စီမံချက်များအဆင်သင့်ရှိနေရေးနှင့် လက်တွေ့ အကောင်အထည်ဖော်ကြရေး၊ ဘေးအန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးနိုင်ခြေများကို စနစ်တကျ စီမံအုပ်ချုပ် ဆောင်ရွက်ပေးနိုင်ရေးနှင့် လက်ရှိဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ မဟာဗျူဟာများနှင့် စီမံချက်များတွင် ကူးစက်ရောဂါအပါအဝင် ဇီဝဗေဒဆိုင်ရာဘေးအန္တရာယ်များအတွက် အစီအမံများကိုပါ ထည့်သွင်းရေးဆွဲ ဆောင်ရွက်ပေးကြရေးဟူသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ပြီး အဆိုပါရည်ရွယ်ချက်(၃)ချက်ကို ပေါက်မြောက်အောင်မြင်အောင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။
COVID-19 ကူးစက်ရောဂါဖြစ်ပွားမှုများ မြင့်တက်နေချိန်တွင် လူတိုင်းလူတိုင်း အခက်အခဲကိုယ်စီ ကြုံတွေ့ နေကြရပါကြောင်း၊ ထိုသို့သော အခက်အခဲကို မိမိတို့အတွက် ယခုတစ်ကြိမ်သာ ကြုံတွေ့ရမည်ဟု မည်သူမျှ တထစ်ချပြော၍ မရပါကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့သော အခက်အခဲကို အခွင့်အရေးတစ်ရပ်အဖြစ်ပါ မှတ်ယူပြီး နောင်ကာလများအတွက် ပြင်ဆင်နိုင်သည်များနှင့် သင်ယူနိုင်သည်များကို ရယူဆုပ်ကိုင်နိုင်ရန် လိုအပ်ပါကြောင်း၊ COVID ဘေးအန္တရာယ်နှင့် လက်တွေ့ရင်ဆိုင်နေရချိန်တွင် ယခုကဲ့သို့သော အခမ်းအနား ပြုလုပ်ခြင်းသည် အမှန်တကယ် ပို၍လေးနက်မှုရှိမည်ဟု ယုံကြည်ပါကြောင်း၊ အဘယ့်ကြောင့်ဆိုသော် မိမိတို့နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးအနေဖြင့် သဘာဝဘေးများနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင် မှုများသာမက ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းများတွင်ပါ အတော်အသင့် လုပ်ဆောင်နိုင်ကြပြီဖြစ်ပါကြောင်း၊ ယနေ့ ကမ္ဘာတွင် ကြုံတွေ့ရသည့် ကပ်ရောဂါဘေးများနှင့်စပ်လျဉ်း၍ COVID-19 ကပ်ရောဂါသည် မိမိတို့အားလုံး၏ ကျန်းမာရေးဆိုင်ရာအသိအမြင်များ နိုးကြားလာရန် အချက်ပေးလိုက်သည့် ခေါင်းလောင်းသံဖြစ်နေ၍ ပင်ဖြစ်ပါကြောင်း၊ သဘာဝတရားကြီးနှင့် ဆက်စပ်သည့် ဘေးအန္တရာယ်များအပြင် ပြည်သူ့ကျန်းမာရေးနှင့် ဆက်စပ်နေသည့် ဘေးအန္တရာယ်များအတွက်ပါ မိမိတို့အားလုံး ပို၍အလေးထားလုပ်ဆောင်ရန် လိုအပ်လာပြီ ဆိုသည်မှာ COVID-19 က အထင်ရှားဆုံး ဥပမာတစ်ခုဖြစ်ပါကြောင်း။
မိမိတို့နိုင်ငံအနေဖြင့် ၂၀၁၃ ခုနှစ်ကတည်းက ရေးဆွဲအတည်ပြုထားသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေတွင် လူနှင့်တိရစ္ဆာန်တို့ကြောင့် ဖြစ်ပွားတတ်သည့် ကူးစက်ရောဂါဘေးများကိုပါ ဘေးအန္တရာယ်အနေဖြင့် သတ်မှတ်ထားပါကြောင်း၊ လက်တွေ့တွင် ရေကြီးခြင်း၊ မြေပြိုခြင်းနှင့် မုန်တိုင်း ဝင်ရောက်ခြင်း စသည့်အမြဲလိုလို ကြုံတွေ့နေရသည့် သဘာဝဘေးများနှင့် ဆက်စပ်သည့် စီမံခန့်ခွဲမှု လုပ်ငန်းများကိုသာ ပိုမိုလုပ်ဆောင်နေရပြီး ယခုနှစ်များအတွင်း ကူးစက်ရောဂါဘေးအန္တရာယ်အတွက် ပထမဆုံးတိုက်ရိုက်ရင်ဆိုင်ရသည်မှာ ယခု COVID-19 ပင်ဖြစ်ပါကြောင်း၊ အစိုးရနှင့် ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်း၍ အကောင်းဆုံးကြိုးပမ်းဆောင်ရွက်နေကြသည်ကို မြင်တွေ့ကြရမည်ဖြစ်ပါကြောင်း။
မိမိတို့အနေဖြင့် ဘေးအန္တရာယ်များကို စီမံခန့်ခွဲရာတွင် ၎င်းတို့၏ သဘောသဘာဝများကို နားလည်နိုင်ရန်၊ ဖြစ်ခဲ့ဘူးသည့် ဘေးများကို အမြဲမပြတ် သုံးသပ်အကဲဖြတ်နေရန်နှင့် အနာဂတ်တွင်ဖြစ်လာနိုင်သည့် အခြေအနေများကိုပါ ခန့်မှန်းတွက်ဆနိုင်ရေးသည် အရေးကြီးပါကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ စာရင်းဇယား များအရ လွန်ခဲ့သည့် နှစ်ပေါင်း(၂၀)ကျော်အတွင်း ဆိုးရွားပြင်းထန်သည့် ရာသီဥတုဖြစ်စဉ်များသည် ကမ္ဘာတွင် (၈၀)ရာခိုင်နှုန်းနီးပါးအထိ တိုးမြင့်လာခဲ့ပါကြောင်း၊ ထို့အတူ ကမ္ဘာပေါ်ရှိ ဘေးသင့်သူဦးရေ စုစုပေါင်း၏ (၉၀)ရာခိုင်နှုန်းကျော်သည်လည်း ရာသီဥတုနှင့်ဆက်စပ်သည့် ဘေးအန္တရာယ်ကြောင့် ထိခိုက် ခံစားကြရသူများဖြစ်ပါကြောင်း၊ ထိခိုက်ဆုံးရှုံးမှုများကို တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကြည့်မည်ဆိုလျှင် (၁၉၉၀)ခုနှစ် နောက်ပိုင်းမှစ၍ ဘေးအန္တရာယ်များကြောင့် သေဆုံးသူစုစုပေါင်း၏ (၉၂)ရာခိုင်နှုန်းသည် ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးမှုနောက်ကျသည့် နိုင်ငံများကဖြစ်ပါကြောင်း၊ ပြီးခဲ့သည့်နှစ်ပေါင်း(၂၀)အတွင်း တစ်ကမ္ဘာ လုံးတွင် ဘေးသင့်သူ စုစုပေါင်း(၈၈)သန်းခန့်ရှိခဲ့ရာ အဆိုပါ ဘေးသင့်သူများမှ ရေဘေးကြောင့် ဒုက္ခခံစားရသူပေါင်း (၇၆)သန်းရှိသည့်အတွက် ရာခိုင်နှုန်းအားဖြင့် (၈၆)ရာခိုင်နှုန်းခန့်ရှိပါကြောင်း၊ (၂၀၂၀) ခုနှစ် တစ်နှစ်တည်းကို ကြည့်မည်ဆိုပါက ပြီးခဲ့သည့်ဇွန်လလောက်ကစ၍ တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ နီပေါ၊ ပါကစ္စတန်၊ တောင်ကိုရီးယား၊ ယီမင်နှင့် အာဖဂန်နစ္စတန်နိုင်ငံများတွင် မိုးသည်းထန်စွာရွာသွန်းမှုများ ကြောင့် ရုတ်တရက်ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများဖြစ်ပွားခဲ့ပြီး အမြောက်အများ သေဆုံးခဲ့ကြရပါ ကြောင်း။
ရေကြီးမှုများ၊ ဆိုင်ကလုန်းမုန်တိုင်းဘေး၊ မြေငလျင်၊ မြေပြိုကမ်းပြိုဘေး၊ လေပြင်းဘေးနှင့် မိုးခေါင် ရေရှားဘေး စသည့် သဘာဝဘေးအန္တရာယ်များသည် မြန်မာပြည်သူလူထုနှင့် မြန်မာနိုင်ငံ၏ စီးပွားရေးကို များစွာထိခိုက်စေပါကြောင်း၊ မြန်မာနိုင်ငံတွင် ပျမ်းမျှအားဖြင့် လူဦးရေ(၁)သန်းကျော်ခန့်သည် ရေကြီးမှု ဘေးနှင့် ဆိုင်ကလုန်းမုန်တိုင်းဘေးတို့ကို နှစ်စဉ် ရင်ဆိုင်ကြုံတွေ့နေကြရပါကြောင်း၊ ရာသီဥတုပြောင်းလဲ မှုနှင့်စပ်လျဉ်းသည့် ခန့်မှန်းချက်များအရ မိမိတို့နိုင်ငံတွင် မိုးရွာသွန်းမှု ပိုမိုများပြားလာဖွယ်ရှိပြီး မြစ်ရေကြီးမှု အန္တရာယ်မြင့် တက်လာနိုင်ပါကြောင်း၊ ထို့ပြင် ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာမှုကြောင့် ဆိုင်ကလုန်း မုန်တိုင်းတိုက်ခတ်ချိန်များတွင် မုန်တိုင်းဒီရေအန္တရာယ် ပိုမိုကြီးမားလာဖွယ်ရှိပါကြောင်း။
တစ်ချိန်တည်းမှာပင် မိမိတို့အားလုံး ကြုံတွေ့နေကျဘေးအန္တရာယ်များအပြင် အခြား သောအန္တရာယ် များဖြစ်သည့် တိရစ္ဆာန်များကတစ်ဆင့်ဖြစ်စေ၊ လူအချင်းချင်းကဖြစ်စေ ကူးစက်နိုင်သည့် ကပ်ရောဂါ ဘေးများ၊ သဘာဝပတ်ဝန်းကျင်ပျက်စီးယိုယွင်းမှုများနှင့် ရာသီဥတုဆိုင်ရာ ပြင်းထန်ဆိုးရွားသည့်ဖြစ်စဉ်များ အတွက်ပါ ကြိုတင်ပြင်ဆင်မှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း။
မိမိတို့အားလုံးရင်ဆိုင်နေကြရသည့် COVID-19 ကမ္ဘာ့ကပ်ရောဂါဘေးသည် အဖွဲ့အစည်းတစ်ခုတည်းက ကိုင်တွယ်ဆောင်ရွက်၍ရသော ကိစ္စရပ်မဟုတ်သည့်အတွက် နိုင်ငံများ၏ စီမံအုပ်ချုပ်မှုစနစ်ကို စမ်းသပ် စိန်ခေါ်လိုက်သည့် ဘေးအန္တရာယ်ဟုဆိုရမည်ဖြစ်ပါကြောင်း၊ ယခုနှစ်တွင် ထူးခြားစွာ IDDRR နေ့၏ ဆောင်ပုဒ်သည် စီမံအုပ်ချုပ်မှုစနစ် ထိရောက်ကောင်းမွန်ရေးသည် မည်မျှအထိအရေးကြီးသည်ကို မီးမောင်း ထိုးပြနေပါကြောင်း၊ ယခုနှစ်ဆောင်ပုဒ်ဖြစ်သည့် “ပေါင်းစည်းညီညွတ်သောစီမံဆောင်ရွက်မှုမှသည် သဘာဝ ဘေးလျော့ပါးရေးဆီသို့”(It’s All About Governance)ဆိုသည့်အတိုင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု များ လုပ်ဆောင်သည့်အခါ ‘သူတစ်လူ၊ငါတစ်မင်း’ လုပ်၍ မရပါကြောင်း၊ မိမိတို့အားလုံး၏ ဘုံရည်မှန်းချက် ဖြစ်သည့် သဘာဝဘေးကြောင့် ထိခိုက်ဆုံးရှုံးမှုများ လျှော့ချနိုင်ရေး ပူးပေါင်းပါဝင်ကြသူများအားလုံး အနေဖြင့် အထက်အောက်၊ ဘေးတိုက်၊ (၃၆၀)ဒီဂရီပေါင်းစပ်ညှိနှိုင်းပြီး ဟန်ချက်ညီညီလုပ်ဆောင်နိုင်မှသာ ရည်မှန်းချက်အောင်မြင် မည်ဖြစ်ပါကြောင်း၊ ကောင်းမွန်ပြည့်စုံပြီး ပေါင်းစည်းညီညွတ်သည့် စီမံဆောင်ရွက်မှု များဖြစ်စေရန် မိမိတို့၌ ဥပဒေများ၊ မူဝါဒများ၊ အဖွဲ့အစည်းများ၊ မဟာဗျူဟာလုပ်ငန်းစဉ်များနှင့် ပူးပေါင်း ဆောင်ရွက်မှုအစီအမံများရှိရန် လိုအပ်ပါကြောင်း။
ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ မဟာဗျူဟာလုပ်ငန်းစဉ်များနှင့် စီမံချက်များရှိခြင်းဖြင့် ရေတို၊ ရေရှည် ဆောင်ရွက်ရမည့်လုပ်ငန်းများကို စနစ်တကျလုပ်ဆောင်နိုင်မည်ဖြစ်သည့်အပြင် လိုအပ်သည့် အရင်း အမြစ်များ ရရှိနိုင်ရေးကိုပါ အထောက်အပံ့ဖြစ်စေပါကြောင်း၊ ထိုအစီအမံများကို မည်သူတို့က ဦးဆောင် အကောင်အထည်ဖော်မည်၊ ဘယ်သူတို့က ပူးပေါင်းပံ့ပိုးမည်၊ လိုအပ်သည့်နည်းပညာနှင့် အရင်းအမြစ်များက မည်သည်တို့ဖြစ်သည်၊ မည်သို့သော နည်းလမ်းများဖြင့် အကောင်အထည်ဖော်မည်၊ မည်သည့်အချိန် ကာလတွင် ပြီးစီးအောင်ဆောင်ရွက်ကြမည် စသည်တို့သည် စီမံအုပ်ချုပ်မှုဟူသည့် သစ်ပင်၏ အကိုင်း အခက်များပင်ဖြစ်ပါကြောင်း၊ ပင်စည်နှင့် ရေသောက်မြစ်ဖြစ်သည့် စနစ်တကျ ဖွဲ့စည်းဆောင်ရွက်နိုင်မှုနှင့် အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည်ပြည့်ဝမှုတို့သည်လည်း Governance ဟူသည့် စီမံအုပ်ချုပ်မှုသစ်ပင် စည်ပင်တိုးပွား တည်တံ့စေရေးအတွက် လွန်စွာအရေးကြီး ပါကြောင်း။
ဘေးအန္တရာယ်အမျိုးအစား၊ ဖြစ်ပွားမှုအနေအထားများနှင့် ပြင်းအားများသည် တစ်သမတ်တည်းမရှိတော့ သည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း၊ လွန်ခဲ့သည့်ဆယ်စုနှစ် ကာလများက လူသားများနှင့် သဘာဝ ပတ်ဝန်းကျင်အကြား အပြန်အလှန်အမှီသဟဲပြုနေမှု ဂေဟစနစ်ကို လျစ်လျူရှုပြုမူခဲ့မိသည့် ဆိုးကျိုးများကို ယနေ့ကမ္ဘာတွင် တွေ့ကြုံခံစား နေကြရခြင်းဖြစ်ပါကြောင်း၊ အချိန်မလွန်ခင် ပြန်လည်ပြင်ဆင်ကုစားကြရန် လိုအပ်လာပြီဖြစ်ပါကြောင်း၊ ရေရှည်တွင် သဘာဝဘေးများကို လျှော့ချနိုင်ရေးအတွက်မိမိတို့ ပတ်ဝန်းကျင် ဂေဟစနစ်များကို ပြန်လည်ထိန်းညှိရန်လိုအပ်သကဲ့သို့ ဘေးအန္တရာယ်ဆိုင်ရာစီမံဆောင် ရွက်မှုများကိုလည်း ပိုမိုအားကောင်းအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ သို့မှသာ မိမိတို့ မျိုးဆက်နှင့် နောင်မျိုးဆက်များအားလုံးအတွက် လုံခြုံစိတ်ချပြီး ဘေးဒဏ် ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်သည့် လူ့အဖွဲ့အစည်းကို လက်ဆင့်ကမ်းပေးခဲ့နိုင်မည်ဖြစ်ပါကြောင်း၊ တစ်ဘက်တွင်လည်း အမြော်အမြင်ရှိရှိ စီမံခန့်ခွဲတတ်သည့် အလေ့အကျင့်ကို ပြုစုပျိုးထောင် ပေးခဲ့နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့်မိမိတို့အားလုံး၏ ပေါင်းစည်း ညီညွတ်သည့် စီမံဆောင်ရွက်မှုများမှတစ်ဆင့် သဘာဝဘေးလျော့ပါးသည့် အနာဂတ်လူ့ဘောင်သစ်ဆီသို့ အရောက်လှမ်းတက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် United Nations Resident Coordination and Humanitarian Coordinator. Mr, Ola Almgren က ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာကို ဖတ်ကြားသည်။
ယင်းနောက် အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက နှုတ်ခွန်းဆက်စကားပြောကြားသည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာသဘာ၀ဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် ဗီဒီယိုမှတ်တမ်းကို ပြသသည်။
ယင်းနောက် အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးစိုးအောင်က ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနသို့ ၂၀၂၀ ပြည့်နှစ် အပြည်ပြည်ဆိုင်ရာ သဘာ၀ ဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အခမ်းအနားဖြစ်မြောက်ရေးအတွက် ပူးပေါင်းဆောင်ရွက် ပေးကြသည့်အဖွဲ့အစည်းများအား ပေးအပ်သည့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
(သတင်းစဉ်)


