မြစ်ကြီးနား ၁၃ အောက်တိုဘာ
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကချင်ပြည်နယ်အတွင်း အောင်မြင်စွာ ကျင်းပပြုလုပ် နိုင်ရေးအတွက် ရွေးကောက်ပွဲကာလအတွင်း ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ကချင်ပြည်နယ် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်လင်းအောင်က ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်ပြီးစီး နိုင်ရေးအတွက် လုံခြုံရေးပိုင်းဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ရေးဆွဲထားရှိသည့် စီမံချက်နှင့်အညီ လက်တွေ့ကျကျ ထိရောက်စွာအကောင်အထည်ဖော် ဆောင်ရွက်ကြရေး၊ မဲရုံသုံးပစ္စည်းများ၊ မဲလက်မှတ်များ ပို့ဆောင်ရာတွင် လုံခြုံရေးကျိုးပေါက်မှုမရှိစေရန်နှင့် သတ်မှတ်မဲရုံများသို့ အချိန်မီရောက်ရှိရေး အဖွဲ့အစည်း အသီးသီးမှ တာဝန်ယူဆောင်ရွက်ရေး၊ မကြာမီကာလ၌ ကြိုတင်မဲပေးခြင်းကို လုပ်ဆောင်မည်ဖြစ်သည့်အတွက် အဆင့်ဆင့်သော ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများအနေဖြင့် မလိုလားအပ်သော အုပ်ချုပ်မှုပြဿနာရပ်များ မဖြစ်ပေါ်စေရေး ကြိုတင်မဲပုံးများ၏ လုံခြုံရေးအား အထူးဂရုပြုဆောင်ရွက်ကြရန်၊ မဲရုံများတွင် တွဲဘက်တာဝန်ပေး အပ်သည့် volunteer များအား ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးကော်မရှင် အဖွဲ့ခွဲများမှ စနစ်တကျ စိစစ်ရွေးချယ် တာဝန်ပေးနိုင်ရေးနှင့် ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မဲရုံများ၌ တာဝန်ထမ်းဆောင်မည့်သူများနှင့် မဲဆန္ဒရှင်များအနေဖြင့် ကိုဗစ်- ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်များနှင့်အညီ မဲပေးခြင်းများကို လုပ်ဆောင်နိုင်ရေး စနစ်တကျ စစ်ဆေးကြပ်မတ် ဆောင်ရွက်စေရေး ပြောကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါ်မေရီမီနန် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှု အခြေအနေများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ဆွေးနွေးတင်ပြပြီး ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်ရဲတပ်ဖွဲ့မှ လုံခြုံရေးရယူ ဆောင်ရွက်မည့် အခြေအနေများနှင့် ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမျိုးဦးက ရွေးကောက်ပွဲကျင်းပရေး ရပ်/ကျေး ကော်မရှင်အဖွဲ့နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ကော်မတီဝင်များနှင့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များက ရွေးကောက်ပွဲအတွက် မဲရုံ အသီးသီးသို့ မဲလက်မှတ်များ ဖြန့်ဝေပေးအပ်မည့် အခြေအနေများ၊ မဲရုံဝန်ထမ်းများနှင့် မဲရုံသုံးပစ္စည်းများ ရွှေ့ပြောင်းသယ်ယူမည့် လုပ်ငန်းစဉ်များ၊ ဝေးလံခေါင်ပါးပြီး ဆက်သွယ်ရေးခက်ခဲသည့် ဒေသများအတွက် ကြိုတင်စီမံဆောင်ရွက်မည့် အခြေအနေမများ၊ ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် စံလုပ်ငန်းလမ်းညွှန်ချက်များ အတိုင်း မဲရုံဝန်ထမ်းများနှင့် ဆန္ဒမဲပေးမည့်ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးတို့ကို စီမံဆောင်ရွက်နိုင်ရေး အတွက် ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။
မျိုးမြင့်စိုး(ပြန်/ဆက်)


