ဟိုပုံး   ၁၃  အောက်တိုဘာ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲ ပေးနိုင်ရေးကွင်းဆင်းပြီး သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲကို ယနေ့ နံနက် ၁၁ နာရီက  နောင်လိုင်မူဖိတ်ကျေးရွာအုပ်စု၊ ထီတန်းလိတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်က နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် မဲဆန္ဒရှင်စာရင်းတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် ပါရှိနိုင်ရေး၊ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများ၊ အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးနှင့် တာဝန်ရှိသူများက အိမ်တိုင်ရာရောက် ကွင်းဆင်းစိစစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပြလုပ်ပေးလျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် နေအိမ်ပြင်ပထွက်ခွာပါက နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်သွားလာကြရန်၊ လူစုလူဝေး မပြုလုပ်ကြရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။

ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဌ ဦးခွန်စံလွင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်သွင်ဦးနှင့် တာဝန်ရှိသူများက ဟိုပုံးမြို့နယ်၊ နောင်လိုင်မူဖိတ် ကျေးရွာအုပ်စုအတွင်းရှိ နိုင်ငံသား စိစစ်ရေးကတ်ပြားမရှိသောသူ (၄၃)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။

နေမင်းထွန်း(ဟိုပုံး)