ဟားခါး ၁၃ အောက်တိုဘာ
ချင်းပြည်နယ် ဟားခါးမြို့နယ်အတွင်း စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးကောင်းမျိုးသန့် သီးနှံမျိုးစေ့ရရှိနိုင်ရန်အတွက် စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ပေးပို့သည့် ဆောင်းသီးနှံကုလားပဲ ဒေသနှင့်ကိုက်ညီမှုရှိမရှိကို အောက်တိုဘာလအတွင်း ဟားခါးမြို့ ဟိုင်တလန်စိုက်ပျိုးရေးခြံတွင် စမ်းသပ်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ ဒီဆောင်းကုလားပဲကို ဒေသနှင့်ကိုက်ညီမှုရှိ မရှိ စမ်းသပ်စိုက်ပျိုးသွားမှာ ဖြစ်ပါတယ်၊ ဒေသနှင့် ကိုက်ညီမှုရှိရင်တော့ ချင်းပြည်နယ်အတွင်း ဆက်လက်ဖြန့်ဝေစိုက်ပျိုးသွားမှာ ဖြစ်ပါတယ်၊ ဒီဆောင်းကုလားပဲမျိုးစေ့ကို ကျွန်တော်တို့ စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)ကနေ ပို့ပေးတာပါ၊ အခုစမ်းသပ်တဲ့အနေနှင့် (၀.၅)ဧကလောက် စမ်းသပ် စိုက်ပျိုးဖို့ ဒီနေ့ အောက်တိုဘာ ၁၃ ရက်မှာ မြေပြုပြင်တာတွေ လုပ်ပါတယ်၊ နောက်နေ့မှာတော့ စမ်းသပ် စိုက်ပျိုးသွားမှာပါ” ဟု ဟားခါးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးရဲဝင်းအောင်က ပြောသည်။
အဆိုပါ ဆောင်းသီးနှံကုလားပဲကို ဒေသနှင့်ကိုက်ညီမှုရှိ မရှိ စမ်းသပ်စိုက်ပျိုးခြင်းအဖြစ် (၀.၅)ဧက စတင် စမ်းသပ်စိုက်ပျိုးပြီး ဒေသနှင့်ကိုက်ညီမှုရှိလျှင် ဒေသခံတောင်သူများထံ ဆက်လက်ဖြန့်ဝေ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ဟားခါးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။
(ခရိုင် ပြန်/ဆက်)


