နေပြည်တော် ၁၃ အောက်တိုဘာ
လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့ ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Zoom Application ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးက ၂၀၂၀ ပြည့်နှစ်ထွက် မိုးစပါးများကို တင်ဒါစနစ်ဖြင့် ဝယ်ယူရေး ဆောင်ရွက်ရာတွင် စနစ်တကျဆောင်ရွက်နိုင်ရန်အတွက် ရေးဆွဲပြုစုထားသည့် စပါး၊ ဆန်ဝယ်ယူရေး စီမံချက်၊ တင်ဒါစည်းကမ်းချက်များ၊ စပါးဝယ်ယူ၍ ဆန်ပေးသွင်းခြင်းဆိုင်ရာ သဘောတူစာချုပ်နှင့် စပ်လျဉ်း၍ ဆွေးနွေးနိုင်ရန်အတွက် ကျင်းပရခြင်းဖြစ်ကြောင်း၊ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေအရ လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့မှ ၂၀၂၀ ပြည့်နှစ် ထွက်စပါးများကို အခြေခံရည်ညွှန်းစပါးဈေးအောက် ကျရောက်နေသည့် ဒေသများတွင် သတ်မှတ်အခြေခံ ရည်ညွှန်းဈေးနှုန်းဖြစ်သည့် စပါးတင်း (၁၀၀)လျှင် ငွေကျပ် ၅၂၀၀၀၀ နှုန်းဖြင့် စပါးဝယ်ယူခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် နိုင်ငံတော်မှ လှည့်ပတ်ရန်ပုံငွေကျပ် ဘီလီယံ ၂၀ အား တောင်းခံခဲ့ရာ စီးပွားရေးရာ ကော်မတီ၏ ခွင့်ပြုချက်ရရှိပြီးဖြစ်သဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးသို့ ဆက်လက်တင်ပြ ထားပြီးဖြစ်ကြောင်း၊ နိုင်ငံတော်မှ လှည့်ပတ်ရန်ပုံငွေကျပ် ဘီလီယံ ၂၀ ရရှိပါက အခြေခံရည်ညွှန်း စပါးဈေးနှုန်းဖြင့် ဝယ်ယူပေးနိုင်ရေးအတွက် တင်ဒါဖိတ်ခေါ်ခြင်းအား အောက်တိုဘာ ၁၂ ရက်နှင့် ၁၄ ရက်ထုတ် မြန်မာ့အလင်းသတင်းစာတွင် ထည့်သွင်းကြေညာသွားမည်ဖြစ်ကြောင်း။
၂၀၂၀ ပြည့်နှစ်အတွက် တင်ဒါစနစ်ဖြင့် မိုးစပါးဝယ်ယူရေး ဆောင်ရွက်နိုင်ရန်အတွက် တင်ဒါစည်းမျဉ်း စည်းကမ်းများ သတ်မှတ်ရေးနှင့် ကန်ထရိုက်စာချုပ်(မူကြမ်း) ပြုစုရေးအဖွဲ့က ရေးဆွဲထားရှိသည့် စပါးဝယ်ယူမည့် စီမံချက်၊ တင်ဒါစည်းကမ်းသတ်မှတ်ချက်များ၊ စပါးဝယ်ယူ၍ ဆန်ပေးသွင်းခြင်းဆိုင်ရာ သဘောတူ စာချုပ်(မူကြမ်း)များနှင့် စပ်လျဉ်း၍ ယနေ့ အစည်းအဝေးတွင် ညှိနှိုင်းဆွေးနွေးရန်နှင့် အတည်ပြုပါက စီမံချက်၊ စည်းကမ်းသတ်မှတ်ချက်များအတိုင်း ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ထို့ပြင် မိမိတို့ တိုင်းဒေသကြီး/ ပြည်နယ်အတွင်း ဝယ်ယူမည့် စပါးအရေအတွက်နှင့် ကိုက်ညီသည့်ဆန်သိုလှောင် နိုင်မည့် သိုလှောင်ရုံအခြေအနေကို လည်းကောင်း၊ လက်ရှိသိုလှောင်ရုံနှင့် မလုံလောက်၍ ပြင်ပမှ သိုလှောင်ရုံ ငှားရမ်းသုံးစွဲရမည်ဆိုပါက ငှားရမ်းခနှုန်းထားနှင့် ငှားရမ်းခကုန်ကျစရိတ် အခြေအနေကိုလည်းကောင်း ဆွေးနွေးပေးရန်လိုအပ်ကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး /ပြည်နယ် စပါး၊ ဆန် ဝယ်ယူရေးကြီးကြပ်မှု လုပ်ငန်းအဖွဲ့များအနေဖြင့် ၂၀၂၀ ပြည့်နှစ်ထွက် မိုးစပါးများကို တင်ဒါစနစ်ဖြင့် ဝယ်ယူရေးဆောင်ရွက်ရာ တွင် စနစ်တကျ ဆောင်ရွက်ရန်အတွက် ဖြစ်ပေါ်လာနိုင်မည့် အခက်အခဲများအပေါ် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာများမှ ကော်မတီအဖွဲ့ဝင်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိသူများက အကြံပြုဆွေးနွေး တင်ပြကြရာ ဒုတိယဝန်ကြီးက ပြန်လည်ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


