နေပြည်တော်  ၁၃  အောက်တိုဘာ 

 

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)နှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်လျက်ရှိသော POSCO International Corporation မှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ကိုရီးယားနိုင်ငံထုတ် RT-PCR Test Kits and Rapid Antigen Test Kits များအား ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့တွင် ရန်ကုန်မြို့ရှိ ဆေးသုတေသနဦးစီးဌာန၌ ကျင်းပသည်။

 

အခမ်းအနားတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း သာကေတ ကမ်းလွန်ရေနံ အခြေစိုက်စခန်း၊ အထွေထွေမန်နေဂျာ ဦးတင်ထွန်းနိုင်နှင့် POSCO International Corporation မှ Managing Director, Mr. Jung Hwan Lee တို့က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်သန်းထွန်းထံ Test Kits များအား ပေးအပ်လှူဒါန်းသည်။ 

 

အဆိုပါ POSCO  International  Corporation  ကုမ္ပဏီသည် MOGE နှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်းများကို အကျိုးတူ ပူးပေါင်းဆောင်ရွက်နေသော ကုမ္ပဏီဖြစ်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊  ဆေးသုတေသနဉီးစီးဌာနရှိ ဓာတ်ခွဲခန်းသို့ ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် လိုအပ်သောပစ္စည်းများ လှူဒါန်းခြင်းကို ပထမအကြိမ်အဖြစ် ဧပြီလတွင် အမေရိကန်ဒေါ်လာ ၁၁၀,၀၀၀ တန်ဖိုးရှိ RT-PCR Test Kits (၁၀,၀၀၀)ကို လည်းကောင်း၊ ဒုတိယအကြိမ် အဖြစ် ဩဂုတ်လတွင် အမေရိကန်ဒေါ်လာ ၁၅၀,၀၀၀ တန်ဖိုးရှိ RT-PCR (QIA CubeHI (QIAGEN)) စက်နှင့် RT-PCR Test Kits (၇,၂၀၀) ခုကိုလည်းကောင်း၊ တတိယအကြိမ်အဖြစ် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလတွင် အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ တန်ဖိုးရှိ RT-PCR Test Kits (၁၅,၀၀၀)တို့ကိုလည်းကောင်း လှူဒါန်းခဲ့ပြီး ဖြစ်ရာ ယခုအကြိမ်သည် စတုတ္ထအကြိမ်အဖြစ် အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ တန်ဖိုးရှိ Rapid Antigen Test kits  (၁၃,၆၅၂) ခု လှူဒါန်းခြင်းဖြစ်သဖြင့် စုစုပေါင်း လှူဒါန်းမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၄၆၀,၀၀၀ ရှိပြီဖြစ်ကြောင်း သိရသည်။   

 

သတင်းစဉ်