နေပြည်တော်  ၁၃  အောက်တိုဘာ

 

မြန်မာ့ရုပ်ရှင် ရာပြည့်အထိမ်းအမှတ် အခမ်းအနားကို ယနေ့ ညနေ ၅ နာရီတွင် Virtual စနစ်ဖြင့် ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယိုမက်ဆေ့ပေးပို့၍ ဝမ်းမြောက်စကား ပြောကြားသည်။

 

ရှေးဉီးစွာ မြန်မာ့ရုပ်ရှင်နှစ် (၁၀၀)ပြည့် ဂုဏ်ပြုသီချင်းဖြစ်သည့် “ပုံရိပ်လှလှ မြန်မာ့ရုပ်ရှင်” တေးသီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်သည်။

 

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဉီးဖြိုးမင်းသိန်း၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး နာယက စည်သူဗိုလ်ကလေးတင့်အောင်၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဉက္ကဋ္ဌ  ဉီးညီညီထွန်းလွင်တို့က အခမ်းအနား ကို Virtual စနစ်ဖြင့် ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။  

4+

 

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယိုမက်ဆေ့ပေးပို့၍  ဝမ်းမြောက်စကား ပြောကြားသည်။ (နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဝမ်းမြောက်စကားကို သီးခြားဖော်ပြထားပါသည်။)  

 

2++

 

ယင်းနောက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နာယက စည်သူဗိုလ်ကလေးတင့်အောင်က ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် ရုပ်ရှင်နှစ် (၁၀၀)ပြည့် ပွဲတော်ကြီးအတွက် ဆုပန်လွှာ မေတ္တာစကားပြောကြားပေးဖို့ အစည်းအရုံးကြီးက တာဝန်ပေးသည့်အတွက် မိမိပြောဆိုမှာဖြစ်ပါကြောင်း၊  ရုပ်ရှင်ပညာ ကမ္ဘာမှာ စတင်ကတည်းက မရှေးမနှောင်းအချိန်မှာပဲ တစ်နှစ်အတွင်း၊ နှစ်နှစ်အတွင်းမှာ မိမိတို့ မြန်မာနိုင်ငံက ရုပ်ရှင်ပညာကို စတင်နိုင်ခဲ့ပါကြောင်း၊ ဒီတော့ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလမှာ မြန်မာနိုင်ငံ၏  ရုပ်ရှင်ပညာ စတင်သည့် နှစ်(၁၀၀) ပြည့်ပါပြီဟု ဟစ်ကြွေးပြောဆိုနိုင်ပြီ ဖြစ်ပါကြောင်း၊  ထိုရုပ်ရှင် နှစ်(၁၀၀)ပြည့် ပွဲတော်ကြီးကို ခမ်းခမ်းနားနား၊ သိုက်သိုက်မြိုက်မြိုက် ဆောင်ရွက်ကြဖို့ ၊ ပျော်ကြဖို့၊ ရွှင်ကြဖို့ ၊ ပြည်သူပြည်သားများကို ဖျော်ဖြေကြ ဖို့၊ အထိမ်းအမှတ်ပစ္စည်းလေးတွေရောင်းချဖို့ အစစအရာရာ ပြည်သူနှင့် ရုပ်ရှင်သမားတို့ ပူးတွဲပြီး ဆောင်ရွက်ကြ မည်ဟု ရည်မှန်းခဲ့ပါကြောင်း၊  သို့သော်လည်း ကူးစက်တတ်သောရောဂါဆိုးကြီးက ဝင်လာပြီး ဖျက်ဆီးလိုက်သည့် အတွက် တစ်ကမ္ဘာလုံးသည် ထိုကူးစက်မှုဒဏ်ကိုခံစားရပြီး မိမိတို့လည်း မလွဲမသွေ အစစအရာရာ ခြိုးခြံရသည့်အဖြစ်မျိုး ဖြစ်သွားရပါတော့ကြောင်း၊ ထို့ကြောင့်  ပွဲတော်ကြီးကို စီစဉ်မယ်၊  နှစ် (၁၀၀)ပြည့် အထိမ်းအမှတ်အဖြစ် ရုပ်ရှင်ပစ္စည်းကလေးတွေ ရောင်းချမယ်၊ ပျော်ကြမယ်၊ ရွှင်ကြမယ်၊ တေးဂီတ အဆိုအကများဖြင့် လှလှပပ ဆောင်ရွက်ကြမယ်လို့ မျှော်မှန်းထားသည့်အထဲမှ ဝမ်းနည်းစွာဖြင့် လက်လျော့ လိုက်ရပါကြောင်း၊   ရုပ်ရှင် နှစ်(၁၀၀)ပွဲတော်ကြီးကို  တိတိကျကျ ပြည့်စုံသည့်ရက်အတွင်း  ဆောင်ရွက်နိုင်ခြင်း မရှိတော့ပါကြောင်း၊ နည်းနည်းနှင့် ကြဲကြဲဝိုင်းပြီးတော့သာ ဆောင်ရွက်ရပါမည်ဆိုသည့် အကြောင်းကို  ပြည်သူပြည်သားများ သိရှိရန်အတွက် ပန်ကြားအစီရင်ခံရပါကြောင်း။

 

သို့သော်လည်း မိမိတို့ အားမလျော့သေးပါကြောင်း၊  ရုပ်ရှင် နှစ် (၁၀၀)ပြည့်ကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလမှာ ပြည့်စုံတယ်ဆိုပေမယ့်  ၂၀၂၁ ခုနှစ် အောက်တိုဘာလအထိအတွင်း  နှစ် (၁၀၀)အတွင်းပဲ ဖြစ်ပါကြောင်း၊ အဲဒီ နှစ် (၁၀၀) အတွင်းမှာ သင့်မြတ်သည့်အချိန်၊ ကောင်းမွန်သည့်အချိန်မှာ ထပ်မံကြိုးစားပြီး အကောင်းဆုံးပွဲအဖြစ် ဆောင်ရွက်မည်ဟု ရည်မှန်းပါကြောင်း၊  ၎င်းကို ရုပ်ရှင်ချစ်ကြသည့် ပြည်သူပြည်သားများ သိရှိအောင်ပန်ကြားရခြင်း ဖြစ်သည့်အပြင်  လက်တွေ့လုပ်ကိုင်ကြမည့်၊ ဆောင်ရွက်ကြမည့် ရုပ်ရှင်သမားများကိုလည်း  မိမိတို့ အစည်းအရုံးကြီး ကနေ အားပေးအားမြှောက်ပြုလုပ်ပါကြောင်း။

 

ရုပ်ရှင်သမားများသည် အင်မတန်ဖျော်ဖြေမှု ဝါသနာပါသည့်ပုဂ္ဂိုလ်များ ဖြစ်ပါကြောင်း၊ မိမိတို့ တင်ဆက်ပြသသည့် ရုပ်ရှင်ပွဲလမ်းသဘင်မှာ လူစည်စည်ကားကားနှင့်  များပြားလှပါက အင်မတန် နှစ်ခြိုက်ကြသည့် လူစားမျိုးဖြစ်ပါ ကြောင်း၊ ယခုလို နည်းနည်းနှင့် ကြဲကြဲဝိုင်းရတာမျိုးမဖြစ်ဘဲ အားပါးတရ ပြည်သူများလည်း ပူးပေါင်း၊ ရုပ်ရှင်သမား များကလည်း ပူးပေါင်းပြီး ဝိုင်းဝန်းကြမည်ဆိုလျှင် အင်မတန်စည်ကားသည့် ပွဲတော်ကြီးတစ်ခု ဖြစ်လာလိ့မ်မည်ဖ ြစ်ပါကြောင်း၊ ဒါကြောင့် အားလုံးက နိုင်ငံတော်အစိုးရ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏  စည်းကမ်းအတိုင်း လိုက်နာပြီး  ကူးစက်တတ်သော ရောဂါကြီး အမြန်ဆုံးပျောက်ကင်းသွားအောင် ညီညီညွတ်ညွတ် ဖြင့် ကူညီအားပေးကြပါဟု ပန်ကြားရင်း မေတ္တာရပ်ခံအပ်ပါကြောင်း ပြောကြားသည်။

3++

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ဝမ်းမြောက်စကားပြောကြားရာတွင် အခုလို ရာပြည့်ပွဲမျိုး ဆိုတာ အင်မတန်ကံကောင်းထောက်မမှသာ ကြုံကြိုက်နိုင်တာမျိုးဖြစ်တဲ့အတွက် ဒီပွဲကြီးကို ရာပြည့်ဆိုတဲ့ ဂုဏ်အင်္ဂါနှင့် ထိုက်တန်စွာ တခမ်းတနား၊  စည်ကားသိုက်မြိုက်စွာကျင်းပဖို့ အားလုံးက အာသီသရှိခဲ့ကြပါကြောင်း၊  ဒါကြောင့် ပြီးခဲ့တဲ့တစ်နှစ်ကျော်ကာလ ၂၀၁၉ ခုနှစ်ကတည်းကစ တင်ပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဦးဆောင် ပုဂ္ဂိုလ်ကြီးများ အပါအဝင် ရုပ်ရှင်လောကသားများ၊ ရုပ်ရှင်နှင့် ဆက်စပ်ပတ်သက်သော ဌာနဖြစ်သည့် ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့က တာဝန်ရှိသူများတွေ့ဆုံပြီး ရာပြည့်အခမ်းအနားများ ကျင်းပနိုင်ရေး ဆွေးနွေးခဲ့ကြပါကြောင်း။

 

အဲဒီနောက်မှာ ရာပြည့်ပွဲတော်ကို နံပါတ် () မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူ ယှဉ်တွဲပေါ်ပေါက်ခဲ့သည့် မြန်မာ့ရုပ်ရှင် နှစ်(၁၀၀)ခရီးကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်၊ () ခေတ်အဆက်ဆက် ထင်ရှားခဲ့ သည့် မြန်မာ့ရုပ်ရှင်ပညာရှင်ကြီးများ၏ အနုပညာနှင့် အတတ်ပညာစွမ်းပကားများကို ရုပ်ရှင်လောကသားများ အားကျအတုယူပြီး မြန်မာ့ရုပ်ရှင်အဆင့်အတန်း မြင့်မားရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်၊ () ရုပ်ရှင်လောကသားများ၏ ညီညွတ်မှုစွမ်းအား၊ အနုပညာဖန်တီးမှု စွမ်းအားများဖြင့် နိုင်ငံနှင့် ပြည်သူအကျိုးကို တိုးမြှင့်ဆောင်ရွက်ရန် ဟူသည့်  ရည်ရွယ်ချက်()ရပ်ဖြင့် ကျင်းပဖို့ ဆုံးဖြတ်ခဲ့ကြပါကြောင်း။

 

သည့်အပြင်လည်း ၁၉၄၇ ခုနှစ်တွင် မြန်မာ့ရုပ်ရှင်ငွေရတုပွဲတော် ကျင်းပစဉ်အခါက အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း တက်ရောက်ချီးမြှင့်ခဲ့သလို ရာပြည့်ပွဲတော်မှာလည်း နိုင်ငံတော်အကြီးအကဲများကိုယ်တိုင် တက်ရောက်ချီးမြှင့်စေလိုသည့်ဆန္ဒ ရှိခဲ့ကြပါကြောင်း၊ နိုင်ငံတော်အကြီးအကဲများကလည်း အလားတူဆန္ဒမျိုးရှိသည့် အတွက် ယခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင်  မြန်မာ့ရုပ်ရှင် ရာပြည့်အခမ်းအနား ကျင်းပရေးဦးစီးကော်မတီကို နိုင်ငံတော်သမ္မတရုံးက အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး ဖွဲ့စည်းပေးခဲ့ပါကြောင်း။

 

ဦးစီးကော်မတီတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နာယကကြီး စည်သူ ဗိုလ်ကလေးတင့်အောင်တို့က နာယကများအဖြစ် ပါဝင်ပါကြောင်း၊ ကော်မတီဝင်များအဖြစ် ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ စသည့်ပုဂ္ဂိုလ်များ ပါဝင်ပါကြောင်း။

 

ဦးစီးကော်မတီက ဆက်လက်ပြီး ရာပြည့်ပွဲတော်၏ ရည်ရွယ်ချက်များ အောင်မြင်စွာ အကောင်အထည်ဖော် နိုင်ဖို့အတွက် လုပ်ငန်းကော်မတီနှင့် ကဏ္ဍအလိုက်ဆောင်ရွက်မည့် ဆပ်ကော်မတီ (၁၇)ခုတို့ကို ဖွဲ့စည်းပေးခဲ့ပါ ကြောင်း၊ ကော်မတီများအနေဖြင့်  မိမိတို့၏လုပ်ငန်းများကို စတင်ရန် ပြင်ဆင်နေချိန်မှာပဲ ကိုဗစ်- ၁၉ ကပ်ရောဂါ ပေါ်ပေါက်လာပါကြောင်း၊  ကပ်ရောဂါ အခြေအနေအလားအလာတွေကို ခန့်မှန်းဖို့ မလွယ်ကူသည့်အတွက် ပွဲတော်ကို အတော်အတန်စည်ကားအောင် ကျင်းပမှာလား၊ အကျဉ်းရုံးပြီးတော့ပဲလား၊ ဒါမှမဟုတ် စတိလောက် ကျင်းပပြီး နောင်ခြေခင်းလက်ခင်းသာသည့်အခါကျမှ ပွဲကြီးလမ်းကြီးကျင်းပမှာလားဆိုတာ ဆုံးဖြတ်ရခက်ခဲ့ပါ ကြောင်း၊ ပွဲတော်ရက် နီးကပ်လာချိန်မှာတော့ အခုအားလုံးမြင်တွေ့နေရသည့် အခြေအနေမျိုး ဖြစ်နေတာကြောင့် ဒီကနေ့အခမ်းအနားကို အများသူငါ အသုံးပြုလာနေသည့် နည်းပညာများအရ virtual event ပုံစံမျိုးဖြင့် ကျင်းပရခြင်း ဖြစ်ပါကြောင်း၊ အခမ်းအနား၏ အစိတ်အပိုင်းများကို သီးခြားစီဆောင်ရွက်ပြီး ယခုဒီအချိန်တွင် တစ်စုတစ်စည်းတည်း စီစဉ်တင်ဆက်ခြင်း ဖြစ်ပါကြောင်း။

 

သို့သော် ဒါသည် အပြီးမဟုတ်ပါကြောင်း၊  ကိုဗစ်- ၁၉  ရောဂါအန္တရာယ် လျော့ပါးပျောက်ကွယ်သွားပြီးနောက်မှာ ရုပ်ရှင်လောကသားများ၊ ရုပ်ရှင်ချစ်မြတ်နိုးသူများ၊ အခြားအခြား သက်ဆိုင်သူ စိတ်ဝင်စားသူများ အုန်းအုန်း ကျွက်ကျွက် ပါဝင်ဆင်နွှဲနိုင်သည့်ပွဲတော်ကြီး ကျင်းပကြဦးမှာဖြစ်ပါကြောင်း။

 

ယခုအချိန်တွင်လည်း ရုပ်ရှင်ရာပြည့်အတွက် ပြုလုပ်ထားတာသည် ဒီ virtual event တစ်ခုတည်းမဟုတ်ပါကြောင်း၊  ရာပြည့်အထိမ်းအမှတ် ဆောင်းပါးပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲ၊ ရုပ်ရှင်ဇာတ်လမ်းတိုပြိုင်ပွဲ စတာတွေ ကျင်းပနိုင်ခဲ့ ပါကြောင်း၊  စာတမ်းဖတ်ပွဲအတွက်လည်း စာတမ်းများ ဖိတ်ခေါ်ထားပါကြောင်း၊  နှစ် (၁၀၀)ပြည့် အထိမ်းအမှတ် တံဆိပ်ခေါင်းကိုလည်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ကူအညီဖြင့် ထုတ်ဝေနိုင်ခဲ့ပါကြောင်း၊ ရုပ်ရှင်ဇာတ်ကား ၁၀၀ ပြသတဲ့အစီအစဉ်၊ ရုပ်ရှင်တေးအပုဒ် ၁၀၀ အပတ်စဉ် Live ရိုက်ကူးတင်ဆက်သည့် အစီအစဉ်၊ ရုပ်ရှင်သမိုင်းပြတိုက်နှင့် ပတ်သက်တဲ့အစီအစဉ်၊ ရုပ်ရှင်ပညာသည်ကြီးများနှင့် ဆွေးနွေးခန်းအစီအစဉ် တွေ စတာတွေလည်း ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ရာပြည့်အထိမ်းအမှတ် အမှတ်တရပစ္စည်း ၁၃ မျိုးကိုလည်း  ထုတ်လုပ်ရောင်းချပေးနိုင်ခဲ့ပါကြောင်း၊ ဒီအတောအတွင်း မြန်မာ့ရုပ်ရှင်ဇာတ်ကားဟောင်း (၁၂၈)ကားကို ဒစ်ဂျစ်တယ်စနစ်သို့ ကူးပြောင်းထိန်းသိမ်းပေးနိုင်ခဲ့ပါကြောင်း၊ ထို့ပြင် ရုပ်ရှင်ရာပြည့်အထိမ်းအမှတ် မဂ္ဂဇင်းကိုလည်း စီစဉ်ဆောင်ရွက်နေကြတာဖြစ်လို့ မကြာမီပေါ်ထွက်လာဖို့ ရှိပါကြောင်း၊ ဒါတွေအပြင် ရုပ်ရှင်ချစ်ပရိသတ်များ မြန်မာ့ရုပ်ရှင် ဇာတ်ကားပေါင်းများစွာကို mobile application များမှတစ်ဆင့် စိတ်တိုင်းကျ ရွေးချယ်ကြည့်ရှု နိုင်ရန်အတွက် စေတနာရှင် ရုပ်ရှင်ရုပ်သံလုပ်ငန်းရှင်များက online ရုပ်ရှင်ပွဲတော် အစီအစဉ်တစ်ရပ်ကို အားဖြည့် ပါဝင်ပေးထားပါကြောင်း။

 

ယင်းမှာ ကိုဗစ်- ၁၉ ၏ အန္တရာယ်ကို စိုးရိမ်နေကြရသည့်ကာလတွင် တစ်ဖက်က ရောဂါကာကွယ်ရေးဆိုင်ရာ စည်းမျည်းစည်းကမ်းများကို လိုက်နာရင်း ရာပြည့်ပွဲတော်ကို ဖြစ်နိုင်သည့် ပုံသဏ္ဍာန်ဖြစ်နိုင်သည့်နည်းလမ်းများဖြင့် အပြည့်ဝဆုံး ကြိုးပမ်းဆောင်ရွက်နေကြတာကို တင်ပြခြင်းဖြစ်ပါကြောင်း၊  ဒီအတွက် ရာပြည့်အခမ်းအနား ဖြစ်မြောက်ရေးမှာ ပါဝင်ဆောင်ရွက်နေသူ တစ်ဦးအနေဖြင့် ဝမ်းမြောက်မိကြောင်းနှင့်  ဝိုင်းဝန်းပါဝင် ဆောင်ရွက် နေကြသူများ အားလုံးကို ကျေးဇူးတင်ကြောင်းလေးစားချီးကျူးပါကြောင်း ပြောကြားလိုပါကြောင်း။

 

ဒီနေ့အခမ်းအနားနှင့် ကြုံကြိုက်တုန်းမှာ မြန်မာ့ရုပ်ရှင်၏ အခြေအနေ၊ အလားအလာများနှင့် စပ်လျဉ်းသည့်မိမိ၏ အမြင်ကို အနည်းငယ်ပြောကြားချင်ပါကြောင်း၊ ဒါက ပြီးခဲ့တဲ့ ()နှစ်ကျော်ကာလအတွင်း ရုပ်ရှင်အစည်းအရုံး လူကြီးများအပါအဝင် ရုပ်ရှင်လောကသားများနှင့် တွဲဖက်ပြီး ရုပ်ရှင်ဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်ရင်း တစ်စွန်းတစ်စ သိမြင်လာသည့်အချက်ဖြစ်ပါကြောင်း။

မြန်မာ့ရုပ်ရှင်သည်  အစဉ်အလာကောင်းများနှင့် စတင်ခဲ့သည်ဟု မိမိမြင်ပါကြောင်း၊ ကမ္ဘာမှာ ရုပ်ရှင်စပေါ်ပြီး နှစ်များစွာ မကြာမီမှာပဲ မြန်မာမှာ ရန်ကုန်မြို့နေလူထုသည် နိုင်ငံခြားရုပ်ရှင်ဇာတ်ကားများ ကြည့်ရှုခွင့်ရခဲ့ကြ ကြောင်း၊  လွန်ခဲ့သည့်နှစ် ၁၀၀ ကျော်လောက်ကတည်းက ရန်ကုန်သည်အာရှတိုက်၏ ဆိပ်ကမ်းမြို့ကြီးများ စာရင်းတွင်ပါဝင်သည့် စည်ကားသည့်မြို့ကြီး တစ်မြို့ဖြစ်ပါကြောင်း၊ ကမ္ဘာ့မြိို့ကြီးများမှာ ရုပ်ရှင်ရုံတွေ ပေါ်ပေါက် လာပြီး မရှေးမနှောင်းမှာ ရန်ကုန်မြို့၌ ရုပ်ရှင်ရုံများ ပေါ်လာပါကြောင်း၊ တစ်ဖက်မှာ ရုပ်ရှင်စီးပွားရေးလုပ်ငန်းလည်း ထွန်းကားလာပါကြောင်း၊  ဒါက နည်းပညာပြောင်းလဲမှုအပေါ် အခြေခံပြီးဖြစ်လာသည့် စီးပွားရေးလှိုင်းဖြစ်တာ ကြောင့် အံ့ဩစရာမရှိပါကြောင်း၊ သို့သော် အံ့ဩစရာချီးကျူးစရာဖြစ်သည်မှာ နိုင်ငံခြားရုပ်ရှင်ကားများနှင့် နိုင်ငံခြားသားပိုင် ရုပ်ရှင်လုပ်ငန်းများကြားမှ ထူးချွန်သည့် မြန်မာလူငယ်များက မြန်မာဇာတ်ကားများ ရိုက်ကူး ထုတ်လုပ်လာနိုင်ကြခြင်းပင် ဖြစ်ပါကြောင်း။

 

၁၉၂၀ ပြည့်နှစ်တွင် ပထမဆုံး မြန်မာဇာတ်ကားဖြစ်သည့် မေတ္တာနှင့်သူရာ ဇာတ်ကားထွက်လာပါကြောင်း၊  အဲဒီနောက် ဆက်တိုက်ပင် မြန်မာဇာတ်ကားတွေ အများအပြားပေါ်လာပါကြောင်း၊  မြန်မာပိုင်ရုပ်ရှင်ကုမ္ပဏီများ ပေါ်လာကြောင်း၊  ပြီးတဲ့နောက် စစ်မဖြစ်ခင် ၁၉၃၅ ခုနှစ်မှာ မြန်မာတွေ ဂျပန်ပြည်သွားပြီး ဂျပန့်ရင်သွေး ရုပ်ရှင်ကားကို ရိုက်ကူးခဲ့ပါကြောင်း၊  အဲဒီကာလရော အဲဒီနောက်ပိုင်းတွေမှာပါ ရန်ကုန်မန္တလေး အပါအဝင် မြန်မာနိုင်ငံ အနှံ့အပြားမြို့များမှာ နိုင်ငံခြားရုပ်ရှင်ဇာတ်ကားတွေ လွတ်လွတ်ကျွတ်ကျွတ် ပြသနေခဲ့တာ ဖြစ်ပါကြောင်း၊ သို့သော် နိုင်ငံခြားရုပ်ရှင်ဇာတ်ကားများ အဲဒီလောက် ပေါပေါများများ ပြသနေသည့်ကြားထဲမှ မြန်မာ့ရုပ်ရှင်ကားများနှင့် မြန်မာ့ရုပ်ရှင်အနုပညာရှင်များရော၊ မြန်မာ့ရုပ်ရှင်လုပ်ငန်းသည်ပါ မှေးမှိန်သွားခြင်း မရှိခဲ့ပါ ကြောင်း၊  မြန်မာပရိသတ်များ နှုတ်ဖျားမှာ မြန်မာဇာတ်ကားများသာ ရေပန်းစားနေခဲ့ပါကြောင်း။

 

ဒါပေမယ့် ပြီးခဲ့တဲ့ကာလတစ်ခုမှာ မြန်မာ့ရုပ်ရှင်လုပ်ငန်းကျဆင်းခဲ့တာ အားလုံးအသိ ဖြစ်ပါကြောင်း၊  အဲဒါက ရုပ်ရှင် အပါအဝင် စာပေ၊ သဘင်၊ ဂီတ စသည့် အနုပညာအရပ်ရပ်ကို ချုပ်ကိုင်သည့်နိုင်ငံရေးစနစ်ကြောင့် ဖြစ်ပါကြောင်း၊  အဲဒီကာလမှာ လွတ်လပ်စွာ တီထွင်ဖန်တီးနိုင်မှု အားနည်းခဲ့ကြောင်း၊  အနုပညာ မလွတ်လပ်သလို၊ တစ်ဖက်မှာ တိုင်းပြည်စီးပွားရေးကလည်း ဆုတ် ယုတ်ကျဆင်းခဲ့ပါကြောင်း၊  တိုင်းပြည်ထဲကို အသိပညာသစ် နည်းနာသစ်တွေ ဝင်မလာကြောင်း၊  ရုပ်ရှင်နှင့် ပတ်သက်လျှင် ရုပ်ရှင်သုံးခေတ်မီစက်ပစ္စည်းကိရိယာတွေ မဝယ်နိုင်ပါကြောင်း၊  ဖလင် ဝယ်ဖို့တောင်  အင်မတန်မှခက်ခဲခဲ့ပါကြောင်း၊ အဲဒါကြောင့် ရုပ်ရှင်ကားကြီးတွေ မရိုက်ကူးနိုင်ပါကြောင်း၊ ရုပ်ရှင်ကား မရှိတော့ ရုပ်ရှင်ရုံလုပ်ငန်းလည်း ကျဆင်းသွားကြောင်း၊ ဒါက ကိုယ်တိုင်ကြုံတွေ့ဖြတ်သန်းခဲ့ရတဲ့ ရုပ်ရှင်လောက သားများ အသိဆုံးဖြစ်ပါကြောင်း။

 

ပြီးခဲ့သည့်လေးငါးခြောက်နှစ်ကာလမှာတော့ အခြေအနေတွေ အများကြီးပြောင်းလဲခဲ့ပါကြောင်း၊ ဒါကြောင့် ဒီကနေ့ ကြည့်မယ်ဆိုလျှင်ဒီကနေ့ဆိုသော်လည်း ဒီကနေ့မှာ ကိုဗစ်-၁၉ ရှိနေတာကြောင့် ကိုဗစ်-၁၉  မဖြစ်မီကာလ ဖြစ်သည့် ဒီနှစ်အစပိုင်း သို့မဟုတ် ၂၀၁၉ ခုနှစ် အကုန်ပိုင်းမှာ ကြည့်မည်ဆိုလျှင် မြန်မာ့ရုပ်ရှင်လောကမှာ    ပထမအချက်၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးသည် ရုပ်ရှင်လောကသားများ ရွေးကောက်တင်မြှောက်ထားသော အမှုဆောင်လူကြီးများ ဦးဆောင်သည့်  လွတ်လပ်သော အဖွဲ့အစည်းကြီးအဖြစ် တည်ရှိနေတာ တွေ့ရမှာ ဖြစ်ကြောင်း။ နှစ်အချက်၊ ရုပ်ရှင်ရိုက်ကူးထုတ်လုပ်မှုများသည် ပြီးခဲ့သည့် - နှစ်အတွင်း အရေ အတွက်အားဖြင့် အလွန်လျင်မြန်စွာ တိုးတက်ခဲ့ကြောင်း၊ အဲဒီအတွက် ရုပ်ရှင်ရုံနှင့်  ရုပ်ရှင်ကား မမျှတသည့်အနေအထားတစ်ရပ် ပေါ်ပေါက်ခဲ့ကြောင်း၊ သို့သော် ဈေးကွက်သဘောတရားအရ ရုပ်ရှင်ရုံလိုအပ်ချက်ကို ဖြည့်ဆည်းပေးမည့် လုပ်ငန်းရှင်များ ပေါ်ထွက်လာသည့်အတွက် ရုပ်ရှင်ရုံများ တစ်နေ့တခြား တိုးပွားလာနေပါကြောင်း၊  ဒီအတွက် တစ်နှစ်၊ နှစ်နှစ်အတွင်းမှာ ရုံနှင့် ကား မျှတသွားနိုင်သည့်အခြေအနေ ရှိနေပါကြောင်း။

 

သုံးအချက်၊ တစ်ဖက်တွင် ရုပ်ရှင်ဖန်တီးမှုအပိုင်းမှာ တိုးတက်ပြောင်းလဲမှုတွေရှိလာကြောင်း၊  စိတ်ကူးစိတ်သန်းသစ်၊ နည်းပညာသစ်၊ ဖန်တီးမှုအသစ်တွေ ပေါ်လာကြောင်း၊ လူငယ်လူသစ်တွေ ဝင်ရောက်လာကြောင်း၊  ရုပ်ရှင်ကို အကောင်းဆုံးအပီပြင်ဆုံးရိုက်မယ်ဆိုသည့် စိတ်ဓာတ်တွေ ထက်သန်လာနေကြောင်း၊ ပြီးတဲ့နောက် ရုပ်ရှင်ကား ကောင်းရင် ဝင်ငွေကောင်းမယ်ဆိုတဲ့ ယုံကြည်မှုဖြင့် ရုပ်ရှင်လောကထဲမှာ ဝင်ရောက်ပြီး ရင်းနှီးမြှုပ်နှံမည့်သူ တွေလည်း တိုးပွားလာနေကြောင်း။

 

ဒါတွေသည် မြန်မာ့ရုပ်ရှင်လောကအတွက် ကောင်းသောအလားအလာများ တည်ရှိနေတာကို ပြသနေတယ်လို့ မိမိမြင်ပါကြောင်း၊ နိဂုံးချုပ်အနေဖြင့်ပြောရလျှင် မြန်မာ့ရုပ်ရှင်သည် ဖွံ့ဖြိုးတိုးတက်ဖို့လိုအပ်သော အခြေခံအချက် များ ပြည့်စုံလာနေပြီဖြစ်ကြောင်း၊  အောင်မြင်မှုအသီးအပွင့်များ စတင်ခံစားရမည့်အချိန်မှာ ကိုဗစ်-၁၉ ကြောင့် တုံ့ဆိုင်းရပ်တန့်သွားရခြင်းသာဖြစ်ကြောင်း၊ ဒါပေမယ့် ရောဂါဘေးအန္တရာယ် ကင်းစင်သွားသည့်အချိန်တွင် စောစောကရှိနှင့်သည့် အခြေခံကောင်းများနှင့်  ရုပ်ရှင်အနုပညာသမားတို့၏ စွမ်းပကားများကြောင့် ပြန်လည် တောက်ပထင်ရှားလာလိမ့်မည်ဟု ယုံကြည်ပါကြောင်း မြန်မာ့ရုပ်ရှင်ရာပြည့်အခါသမယမှာ အလေးအနက် ပြောကြား အပ်ပါကြောင်း ပြောကြားသည်။

3+-

 

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဉီးဖြိုးမင်းသိန်းက ဝမ်းမြောက်စကား ပြောကြားရာတွင်  ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၃ ရက်နေ့တွင် မြန်မာ့ရုပ်ရှင် နှစ် (၁၀၀)ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါကြောင်း၊ ယင်းမှာ မြန်မာ့ရုပ်ရှင်လောကအတွက် ဂုဏ်ယူစရာ၊ မင်္ဂလာရှိသည့် ရက်မြတ်အခါသမယဖြစ်ပါကြောင်း၊  ဤရက်မြတ် အခါသမယမှာ မြန်မာ့ရုပ်ရှင်အနုပညာရှင်များ၊ အတတ်ပညာရှင်များအားလုံး မြန်မာ့ရုပ်ရှင်လောကကြီး ပိုမိုဖွံ့ဖြိုး တိုးတက်ဖို့အတွက် အားလုံး၏ ကြိုးပမ်းဆောင်ရွက်မှုကို ဂုဏ်ပြုမှတ်တမ်းတင်ပါသည်ဟု ပြောကြားလိုပါကြောင်း၊   မြန်မာ့ ရုပ်ရှင်သည် ပြည်သူလူထု၏ နှလုံးသားထဲမှာ  ရှင်သန်နေသည့်ရုပ်ရှင်ဖြစ်ပါကြောင်း၊  ရုပ်ရှင်သည်  အခြား ဂီတ၊ အနုပညာများနှင့် ကြည့်မယ်ဆိုလျှင် အရုပ်ရော၊ အသံရောအားလုံးကို ကြားရမြင်ရပြီး  စုစည်းသည့် ပြသမှုတစ်ခုဖြစ်ပါကြောင်း၊  ရုပ်ရှင်ကြည့်သည့်နေရာတွင်လည်း အသိုင်းအဝိုင်းနှင့် အစုအစည်းနှင့် ကြည့်ကြရခြင်း ဖြစ်သည့်အတွက် ရုပ်ရှင်သည် ပြည်သူများ၏ နှလုံးသားမှာ ပိုပြီး ခုံမင်စေပါကြောင်း။

 

ရုပ်ရှင်ကဏ္ဍအောင်မြင်နိုင်ရန်အတွက် ရုပ်ရှင်လောကကြီးသည် နှစ် (၁၀၀)ကျော် ရုန်းကန်၊ ဖြတ်သန်းခဲ့ကြရပါ ကြောင်း၊  ထိုရုန်းကန်ဖြတ်သန်းမှုများထဲတွင် အတက်အကျများ၊ အနိမ့်အမြင့်များအများကြီးကို ဖြတ်သန်း ခဲ့ကြရခြင်းဖြစ်ပါကြောင်း၊ မြန်မာ့ရုပ်ရှင်ရှင်သန်နိုင်ရန်အတွက် အနုပညာသမားများ၊ အတတ်ပညာရှင်များ၊  ရုပ်ရှင် လောကသားများက ရုန်းကန်မှုများ၊ အခက်အခဲများ အများကြီးကို ကြုံဆုံခဲ့ရတယ်ဆိုတာ မိမိတို့ အမြဲတမ်းအမှတ် ရနေစရာ ရှိပါကြောင်း၊  ဒါပေမယ့် အောင်မြင်သည့် ခေတ်ကာလတွေ ၊ ခေတ်မီတဲ့၊ ဖွံ့ဖြိုးတိုးတက်တဲ့ ရုပ်ရှင်လောက ခေတ်တစ်ခေတ်ကို ရောက်ဖို့အတွက်လည်း ကြိုးပမ်းအားထုတ်နေကြတာကို မိမိတို့တွေ့မြင်ရပါကြောင်း၊ ထို့အတွက်လည်း ဝမ်းသာပီတိဖြစ်မိပါကြောင်း၊  မြန်မာ့ရုပ်ရှင်လောက ပိုမိုအဆင့်မြင့်‌ အောင်မြင်နိုင်ဖို့အတွက် ရုပ်ရှင်လောကမှာ အနုပညာသမားများ၏  အခန်းကဏ္ဍပိုမိုတိုးတက်လာသလို ရုပ်ရှင်၏ အတတ်ပညာသည်လည်း ကမ္ဘာနှင့် ရင်ဘောင်တန်း တိုးတက်လာနေပြီဖြစ်ပါကြောင်း၊ ဒီအတွက် မြန်မာ့ရုပ်ရှင်လောက နှစ် (၁၀၀) ပြည့်မှသည် နှစ်ပေါင်းများစွာ အောင်မြင်နိုင်ဖို့အတွက် ရုပ်ရှင်လောကသားများ၏  ကြိုးပမ်းဆောင်ရွက်မှုကို မိမိတို့ ပြည်သူတွေက အမြဲတမ်း အမှတ်ရနေမှာ ဖြစ်ပါကြောင်း၊ ရုပ်ရှင်သည် ပြည်သူ့အတွက် အကျိုးပြုနိုင်သည့်၊ ပြည်သူ့ဘဝကို ထင်ဟတ် စေနိုင်ပြီး  ပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူဖြစ် စေနိုင်သည့် ရုပ်ရှင်လောကတစ်ခုဖြစ်ဖို့ နှစ်ပေါင်း ရာနှင့်၊ ထောင်နှင့် ချီပြီး ရှင်သန်နိုင်သည့် ရုပ်ရှင်လောကကြီးဖြစ်ဖို့အတွက် ရုပ်ရှင်လောကသားများ အားလုံး ၊ အနုပညာသည်များ အားလုံး၊ အတတ်ပညာရှင်များနှင့် ရုပ်ရှင်ကို အားပေးကြ သည့်၊ အနုပညာကို မြတ်နိုးကြသည့် ပြည်သူပရိသတ်အားလုံး၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုဖြင့်  မြန်မာ့ရုပ်ရှင် အောင်မြင်တိုးတက်ပါစေကြောင်း နှစ် (၁၀၀) ပြည့်မှာ နှုတ်ခွန်းဆက်သ လိုက်ရပါကြောင်း ပြောကြားသည်။

5+

 

ယင်းနောက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဉက္ကဋ္ဌ ဉီးညီညီထွန်းလွင်က ဝမ်းမြောက်စကား ပြောကြားရာတွင် ယနေ့ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၃ ရက်တွင် မြန်မာ့ရုပ်ရှင် ပေါ်ထွန်းခဲ့တာ နှစ် (၁၀၀) သက်တမ်း ပြည့်ပြီဖြစ်ပါကြောင်း၊  မြန်မာ့ရုပ်ရှင် နှစ် (၁၀၀)ပြည့် အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပရမည်ဖြစ် သော်လည်း ကိုဗစ် - ၁၉ ကပ်ရောဂါဘေးကြောင့်   အခုလို  အကျဉ်းချုံးပြီး ကျင်းပရသည့်အတွက်  ရုပ်ရှင်ချစ်သူများ ကိုယ်စား  မြန်မာ့ရုပ်ရှင်ကို အထူးပင် အားနာမိပါကြောင်း၊  မျက်နှာလည်း ပူမိပါကြောင်း၊  ယူကျုံးမရလည်း ဖြစ်မိပါကြောင်း၊  သို့သော် အား မငယ်စေလိုပါကြောင်း၊ မြန်မာ့ရုပ်ရှင်ကို ချစ်သည့်ပရိသတ်များ အများကြီးရှိပါသေးကြောင်း၊ ရုပ်ရှင် လောကသားများလည်း အများကြီးရှိပါသေးကြောင်း၊  ကိုဗစ် - ၁၉ ကပ်ရောဂါကို အတူတူ ရင်ဆိုင်ကျော်လွှားဖြတ်သန်းကြမည်ဖြစ်ပါကြောင်း   ပြောကြားသည်။

 

ထို့နောက် ဆောင်းပါးပြိုင်ပွဲ စီစဉ်ကျင်းပခဲ့မှု Video Clip ကို ဖွင့်လှစ်ပြသပြီး ပြိုင်ပွဲတွင် ဆုရရှိကြသူများအား လည်းကောင်း၊  ရုပ်မြင်သံကြား ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ စီစဉ်ကျင်းပခဲ့မှု Video Clip ကို ဖွင့်လှစ်ပြသပြီး ပြိုင်ပွဲတွင်  ဆုရရှိကြသူများအားလည်းကောင်း ဆုများပေးအပ်ချီးမြှင့်သည်။ (ဆုရရှိသူများ စာရင်းကို သီးခြားဖော်ပြထား ပါသည်။)

 

ဆက်လက်၍  ဆောင်းပါးပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ ဇာတ်လမ်းတိုပြိိုင်ပွဲများ စီစဉ်ကျင်းပပေးခြင်းအတွက်  မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နာယက ဒါရိုက်တာ စည်သူဉီးကြည်စိုးထွန်းအား လည်းကောင်း၊ ရုပ်ရှင်သမိုင်း ပြတိုက်စီစဉ်ပြသခြင်း Video Clip ဖွင့်လှစ်ပြသမှုနှင့် ၎င်းအတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နာယက ဒါရိုက်တာ စည်သူ ဉီးအောင်မြင့်မြတ်အားလည်းကောင်း၊ ရုပ်ရှင်ဇာတ်ကား (၁၀၀) စီစဉ်ပြသခဲ့မှု Video Clip ဖွင့်လှစ်ပြသခြင်းနှင့် ၎င်းအတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဉီးမျိုးမြင့်အောင်နှင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး  ဒုတိယဉက္ကဋ္ဌ ဉီးအေးကြူလေးအား လည်းကောင်း၊ ရုပ်ရှင်ဇာတ်ဝင်တေး(၁၀၀) သီဆိုတင်ဆက်ခဲ့မှု Video Clip ဖွင့်လှစ်ပြသခြင်းနှင့် ၎င်းအတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဉီးရဲနိုင်နှင့် Emperor တေးဂီတအဖွဲ့မှ ဉီးဇော်ဝင်းထွဋ်တို့အား လည်းကောင်း ဂုဏ်ပြု မှတ်တမ်းများကို  ပေးအပ်သည်။

 

ထို့နောက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး နာယက စည်သူဗိုလ်ကလေးတင့်အောင် ရေးသားသည့် မြန်မာ့ရုပ်ရှင် ရာပြည့်ဂုဏ်ပြုသီချင်းအား ထုတ်လွင့်ပြသပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

 

ယနေ့ကျင်းပသည့် မြန်မာ့ရုပ်ရှင်ရာပြည့်ဂုဏ်ပြုအခမ်းအနားကို Covid–19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အရ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတ်မှတ် ပေးထားသည့် စည်းကမ်းချက်များနှင့်အညီ မြန်မာ့ရုပ်မြင်သံကြားက ကြိုတင်ရိုက်ကူးထားသည်ကို ထုတ်လွှင့်ခြင်း၊ ဒစ်ဂျစ်တယ်နည်းပညာဖြင့် ပေါင်းစပ်ထုတ်လုပ်ခြင်း စသည်ဖြင့် Virtual စနစ်ဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်