နေပြည်တော် ၁၃ အောက်တိုဘာ
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် နိုင်ငံအရပ်ရပ်၌ အခက်အခဲကြုံတွေ့ နေရသည့် မြန်မာနိုင်ငံသားများအား ကိုရီးယားသမ္မတနိုင်ငံ၊ အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် မြန်မာ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း(MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ ည ၈ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။
အဆိုပါ ကယ်ဆယ်ရေးလေယာဉ်တွင် ကနေဒါမှ (၄)ဦး၊ ဂျာမနီမှ (၁)ဦး၊ ဟောင်ကောင်မှ (၄)ဦး၊ အင်ဒိုနီးရှားမှ (၆)ဦး၊ အီတလီမှ (၃)ဦး၊ ကိုရီးယားသမ္မတနိုင်ငံမှ (၇၄)ဦး၊ နော်ဝေမှ (၁)ဦး၊ ရုရှားဖရက်ဒရေးရှင်းမှ (၇)ဦး၊ သီရိလင်္ကာမှ (၄)ဦး၊ အမေရိကန်ပြည်ထောင်စုမှ (၃)ဦး၊ မြန်မာနိုင်ငံသား စုစုပေါင်း (၁၀၇) ဦး လိုက်ပါလာခဲ့သည်။
ယင်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေး၊ သီးသန့် စီစဉ်ပေးသည့်နေရာ / သတ်မှတ်ဟိုတယ်များ၌ အသွားအလာ ကန့်သတ်မှု (၇)ရက်နှင့် နေအိမ်တွင် အသွားအလာ ကန့်သတ်မှု (၇)ရက် နေထိုင်စေရေးတို့ကို အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် တာဝန်ယူ ဆောင်ရွက်ပေးခဲ့ကြသည်။
ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာသင်္ဘောသားများအား ပြန်လည်ခေါ်ဆောင်ရန် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိရာ ကိုရီးယားသမ္မတနိုင်ငံမှ ကယ်ဆယ်ရေးလေယာဉ် (၂၆) ကြိမ်တိုင် ပျံသန်းပြေးဆွဲခဲ့ပြီးဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


