၁၄ အောက်တိုဘာ
ရွေးကောက်ပွဲကော်မရှင်ကတင်ပြထားတဲ့ အစီအစဉ်တစ်ခုဟာ ပြည်သူတွေအတွက်လည်း စိတ်လည်းလုံခြုံမှု ရမယ်၊ ကျေနပ်မှုလည်းရမယ်လို့လည်း ကျွန်မတို့ထင်ပါတယ်။ အဲဒါကဘာလဲဆိုတော့ ပထမအစမှာတော့ Stay at Home မြို့နယ်တွေကို ကိုဗစ်ရောဂါ ကူးစက်နေတဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေများတယ်ဆိုပြီး သတ်မှတ်ထားတဲ့ Stay at Home မြို့နယ်တွေမှာ အသက် ၆၀ ကျော်တွေ ကြိုတင်မဲပေးနိုင်မယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ကျွန်မတို့မှာ ကောင်းကျိုးနှစ်ခုရှိပါတယ်။ တစ်ခုကတော့ အသက် ၆၀ ကျော်တွေဆိုတာဟာ အသက်ကြီးတာနဲ့အမျှ၊ အသက် ၆၀ ကျော်လာတာနဲ့အမျှ ကိုဗစ်ရောဂါရလို့ရှိရင် နည်းနည်းပိုပြီးတော့ စိုးရိမ်ရတဲ့အခြေအနေမှာရှိပါတယ်။ စိုးရိမ်ရတဲ့ အသက်အရွယ်တွေ လုံခြုံအောင်လို့ဆိုပြီးတော့ ကြိုတင်မဲပေးနိုင်ဖို့ ကျွန်မတို့ အစီအစဉ်တွေ စပြီးတော့လုပ်ပါမယ်။ အသက် ၆၀ ကျော်တွေက ကြိုတင်မဲပေးမယ်ဆိုရင် ရွေးကောက်ပွဲနေ့မှာ မဲရုံတွေမှာသွားပြီးတော့ မဲပေးမယ့်လူတွေရဲ့ အရေအတွက်ပါ ကျသွားမယ်။ အရေအတွက် ကျဆင်းသွားတဲ့ အခါကျတော့ လိုအပ်တဲ့ကွာခြားမှုဖြစ်တဲ့ ၆ ပေ ကွာခြားပြီးလုပ်တာ၊ တစ်ယောက်နဲ့တစ်ယောက် ထိတွေ့မှုနည်းအောင် စည်းကမ်းတွေကို အကောင်အထည်ဖော်တာ လုပ်နိုင်တဲ့အခါကြတော့ ပိုပြီးတော့ အားလုံးလုံခြုံမှုဖြစ်ပါတယ်။ ပြည်သူတွေ လုံခြုံမှုအတွက် လိုအပ်တဲ့ Mask တို့ Faceshield တို့ကိုလည်း နိုင်ငံတော်က တာဝန်ယူပြီးတော့ လုပ်ပေးပါမယ်။
(Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့်စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံ တင်ပြသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်)


