ဝါရှင်တန် ၁၄ အောက်တိုဘာ
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည်ကိုဗစ်-၁၉ရောဂါမှ ပြန်လည်သက်သာလာခဲ့ပြီးနောက် ရွေးကောက်ပွဲဆိုင်ရာ မဲဆွယ်စည်းရုံးရေးလုပ်ငန်းစဉ်များကို ပြန်လည်စတင်လျက်ရှိကြောင်း ယနေ့ သတင်းများအရ သိရသည်။
သမ္မတထရမ့်သည် ကိုဗစ်-၁၉ ရောဂါကူးစက်ခံခဲ့ရသည့်အတွက် မဲဆွယ်စည်းရုံးမှုများကို အောက်တိုဘာ ၂ ရက်မှစပြီး ယာယီဆိုင်းငံ့ထားခဲ့ရသည်။
သမ္မတထရမ့်ရောဂါမှ ပြန်လည်သက်သာခဲ့ပြီးနောက် ပထမဆုံးအကြိမ် မဲဆွယ်စည်းရုံးမှုအဖြစ် ဖလော်ရီဒါပြည်နယ်၌ အောက်တိုဘာ ၁၂ ရက် ညပိုင်းတွင် မဲဆွယ်စည်းရုံးရေးဟောပြောမှုများကို စတင်ပြုလုပ်ခဲ့သည်။ ဖလော်ရီဒါပြည်နယ်သည် သမ္မတလောင်းများအတွက် ထောက်ခံမဲရရှိရန် ခက်ခဲသည့်ပြည်နယ်များအနက် တစ်ခုအပါအဝင်ဖြစ်သည်။ ထို့ပြင် ပန်ဆာဗေးနီးယား၊ အိုင်အိုဝါနှင့် အခြားပြည်နယ်များတွင်လည်း မဲဆွယ်စည်းရုံးရေးလုပ်ငန်းစဉ်များကို ပြန်လည်စတင် မည်ဖြစ်သည်။
သမ္မတထရမ့်က ၎င်း၏ထောက်ခံသူများနှင့်တွေ့ဆုံရာတွင် နှာခေါင်းစည်းဝတ်ဆင်ခြင်းမရှိဘဲ တစ်နာရီတိုင်တိုင် စည်းရုံးရေးမိန့်ခွန်းများ ပြောကြားခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကိုခံနိုင်ရည် ရှိသွားပါပြီ။ အခုချိန်မှာ အားအင်တွေ ပြည့်ဝနေတယ်လို့ ခံစားနေရတယ်။ အမေရိကကို ဒီထက်ပိုကောင်းတဲ့နိုင်ငံဖြစ်အောင် ဖန်တီးနိုင်တော့မယ်ဟု သမ္မတထရမ့်က မဲဆွယ်စည်းရုံးစဉ် ပြောကြားခဲ့သည်။
အလားတူ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဂျိုးဘိုင်ဒင်ကလည်း လက်ရှိအစိုးရအဖွဲ့အား ပြောင်းလဲ ဖွဲ့စည်းမည်ဟု ဟစ်ကြွေးကာ အိုဟိုင်းယိုးပြည်နယ်၌ ယမန်နေ့က မဲဆွယ်စည်းရုံးခဲ့ကြောင်း သိရသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်