ကွာလာလမ်ပူ ၁၄ အောက်တိုဘာ

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အောင်မြင်စွာ ထုတ်လုပ်နိုင်ပါက မလေးရှားနိုင်ငံကို  ဦးစားပေးနိုင်ငံ စာရင်းထည့်သွင်းရန် တရုတ်နိုင်ငံက သဘောတူညီလိုက်ပြီဖြစ်သည်။

 

မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဟက်ရှမ်မူဒင်ဟူစိန်က အရှေ့တောင် အာရှခရီးစဉ်အဖြစ်   မလေးရှားနိုင်ငံသို့ ရောက်ရှိနေသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့်အတူ ယနေ့ ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ ကြေညာခဲ့ခြင်းဖြစ်သည်။ “ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အောင်မြင်စွာ ထုတ်လုပ်နိုင်ရင် မလေးရှားနိုင်ငံကို ဦးစားပေးထောက်ပံ့မည်ဆိုတဲ့ တရုတ် နိုင်ငံရဲ့ ကတိကဝတ်ကို ကျွန်တော်တို့ ကြိုဆိုပြီး အသိအမှတ်ပြုပါတယ် ဟု ၎င်းက ပြောသည်။

 

ကာကွယ်ဆေး သုတေသနပြုမှု၊ ထုတ်လုပ်မှုနှင့်  ဖြန့်ဖြူးမှုပြုလုပ်ရာတွင် မလေးရှားမိတ်ဖက်များနှင့် ဘက်စုံ ပူးပေါင်းဆောင်ရွက်မှု တည်ထောင်ရန် တရုတ်လုပ်ငန်းများကို အားပေးမည့် တရုတ်နိုင်ငံ၏ သဘောတူညီချက်ကို ကြိုဆိုပါကြောင်း ၎င်းက ဆိုသည်။

 

မလေးရှားနိုင်ငံအနေဖြင့် ကာကွယ်ဆေး ထုတ်လုပ်မှုကို အနီးကပ် စောင့်ကြည့်နေပြီး ကာကွယ်ဆေး ရရှိရေးက အစိုးရအတွက် ထိပ်တန်း ဦးစားပေးလုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း  ဟူစိန်က ပြောသည်။ အများပြည်သူ အသုံးပြုနိုင်ရန် နိုဝင်ဘာလထက် နောက်မကျဘဲ    ဗိုင်းရပ်စ်ကာကွယ်ဆေး အဆင်သင့်ရနိုင်သည်ဟု တရုတ်နိုင်ငံက ပြောကြားခဲ့ကြောင်း ၎င်းက ဆိုသည်။

 

“တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ မလေးရှားနိုင်ငံခရီးစဉ်က ဗိုင်းရပ်ကာကွယ်ဆေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနဲ့ ညှိနှိုင်းဆောင်ရွက်မှုမှာ ကျွန်တော်တို့ နောက်မကျနေဘူး ဆိုတာ ပြသရာရောက်ပါတယ်” ဟု ၎င်းက ပြောသည်။

 

ကိုးကား-စီအင်န်အေ

ဘာသာပြန်-ကျော်ထိုက်စိုး