ကန့်ဘလူ ၁၄ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် နိုဝင်ဘာ ၈ ရက်၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် လုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲများအား သင်တန်းဖွင့်လှစ် သင်ကြား ပေးနေမှုကို အောက်တိုဘာ ၁၄ ရက်နံနက် ၉ နာရီ ခန့်က မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှကျော် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှကျော်က သင်တန်းသားများအနေဖြင့် သင်တန်းသား တစ်ဦးချင်း လိုက်နာကျင့်သုံးရမည့် စည်းကမ်းကျင့်ဝတ်များ၊မဲရုံလုံခြုံရေးဆိုင်ရာ ဆောင်ရွက်ရ မည့်အကြောင်းအရာများ၊ သင်ကြားပေးနေသည့် ဘာသာရပ်များကို ကြိုးစားသင်ယူ လေ့ကျင့်ကြရန် မှာကြားခဲ့သည်။
အဆိုပါ သင်တန်းတွင် ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေ၊ ရဲကျင့်ဝတ်၊ ရာဇဝတ် ကျင့်ထုံးဥပဒေ၊ ရဲလက်စွဲ ဥပဒေ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ အခြေခံစစ်ရေးပြသခြင်း စသည့်ဘာသာရပ်များကို သင်ကြား ပေးလျက် ရှိသည်။
သင်တန်းသို့ အထူးရဲသင်တန်းသား ၂၀၄ ဦးတက်ရောက်ကာ သင်တန်းကာလ အောက်တိုဘာ ၁ ရက်မှ ၂၈ ရက်အထိ ကိုဗစ်-၁၉ ရောဂါ ကာလကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ အဖွဲ့ (၇) ဖွဲ့ခွဲကာ ကန့်ဘလူမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ သင်ကြားပေးလျက်ရှိကြောင်း မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)


