ပင်းတယ ၁၄ အောက်တိုဘာ
ရှမ်းပြည်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် ကျေးရွာများရှိ ပြည်သူများ ကိုယ်တိုင် သွေးလွန်တုပ်ကွေး ရောဂါကာကွယ်နှိမ်နှင်းရေး လုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်နိုင်ရန်အတွက် ကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာနမှ အခြေခံကျန်းမာရေး ဝန်းထမ်းများမှ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ ကျန်းမာရေး အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်း များဖြစ်သည့် ဖုံး၊ သွန်၊ စစ် ၊ လဲ စသည့်လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ပိုးလောက်လန်း နှိမ်နင်း ခြင်း၊ အဘိတ်ဆေး ခပ်ခြင်းများအပြင် ကျန်းမာရေးအသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
ယင်းနောက် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှိုးဆော်ချက်များ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များ၊ အပြင်ထွက်သည့်အခါတိုင်း နှာခေါင်းစည်းများကို မဖြစ်မနေ တပ်ဆင်ရန် စသည်များကို လက်ကိုင်စပီကာများဖြင့် နိုးဆော်ပေးခြင်းများအပြင် ကျန်းမာရေး အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးပြီး ကျေးရွာများသို့ အပတ်စဉ် ကွင်းဆင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ခင်မျိုးနွယ်(ပင်းတယ)


