ဂန့်ဂေါ ၁၄ အောက်တိုဘာ
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်အတွင်းရှိ တောင်ခင်ရန်း- သာလင်း- မြင်သားကျေးရွာ ချင်းဆက်လမ်းတွင် တံတားဦးစီးဌာနက DOUBLE SINGLE BAILEY BRIDGE ပေ (၈၁၀) ရှိ သာလင်း - မြင်သား မြစ်သာမြစ်ကူးတံတားမှာ ဆောက်လုပ်ပြီးစီးပြီဖြစ်ရာ ယနေ့ နံနက်ပိုင်းမှ၍ စတင်ဖြတ်သန်းခွင့် ပြုပြီဖြစ်ကြောင်း တံတားအထူးအဖွဲ့(၃) စီမံကိန်းတာဝန်ခံ ဦးတင်နိုင်ကိုကိုထံမှ သိရသည်။
အောက်တိုဘာ ၁၃ ရက် နံနက် ၈ နာရီတွင် တံတားပေါ်၌ မြင်သားတောကျောင်း ဆရာတော် ဘဒ္ဒန္တဆန္ဒဝံဿထံမှ ငါးပါးသီလကို ခံယူဆောက်တည်ခြင်းနှင့် ဩဝါဒကထာကို နာယူကြ၍ ဆရာတော်များရွတ်ပွားသည့် ပရိတ်တရားတော်များကို နာယူကြသည်။
ဆက်လက်၍ သာလင်း-မြင်သားတံတား ဆောက်လုပ်ခြင်းမှတ်တမ်းကျောက်စာတိုင်ကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးပြူးလွင်၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဆန်းဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်အေးတို့နှင့် တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများတို့က အမွှေးနံ့သာများပက်ဖျန်း၍ တံတားကို စတင်ဖြတ်သန်းကြသည်။
တံတားကို ဂန့်ဂေါမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် တိုင်းဒေသကြီးရန်ပုံငွေ သန်း ၉၀၀၊ ဂန့်ဂေါမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေ သန်း(၃၂၀)နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တိုင်းဒေသကြီးရန်ပုံငွေ (၃၀၇)သန်းဖြင့် စုစုပေါင်းခန့်မှန်းစီမံကိန်းတန်ဖိုးငွေကျပ် သန်း (၁၆၂၀) ဖြင့် အလျား ပေ (၈၁၀) နှစ်လွှာ တစ်ထပ် ဘေလီ သံကူကွန်ကရစ်တံတားအမျိုးအစားအဖြစ် ဆောက်လုပ်ထားပြီး ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့ မှ စတင်တည်ဆောက်ခဲ့ကာ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၃၀ ရက်တွင်ပြီးစီးကြောင်း သိရသည်။
အဆိုပါ မြစ်သာမြစ်ကူးတံတား ဆောက်လုပ်ပြီးစီးသည့်အတွက် မြစ်သာမြစ်အရှေ့ဖက်ရှိ မြင်သား၊ ကုန်းရွာ၊ ရွာမ၊ အလယ်ရွာ၊ စန်းမြို့စသည့်ကျေးရွာနေပြည်သူများသည် မြစ်သာမြစ် အနောက်ဘက်ရှိ ဂန့်ဂေါ-ကလေးကားလမ်းသို့ ရာသီမရွေး ဆက်သွယ်သွားလာနိုင်ပြီး လူမှုရေး၊ စီးပွါးရေး၊ ပညာရေး၊ ကျန်းမာရေး လုပ်ငန်းများတိုးတက်လာမည်ဖြစ်ကြောင်း သိရှိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)


