မော်လမြိုင် ၁၄ အောက်တိုဘာ

 

မွန်ပြည်နယ်အဝင် ရေးမြို့နယ်ရှိ ဝမ်းတူးဆီဆိုင်အနီး COVID-19  စစ်ဆေးရေးဂိတ်တွင် ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များကို အောက်တိုဘာလ(၆)ရက်မှ စတင်ပြီး RDT Test Kit ဖြင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။ အဆိုပါဂိတ်တွင် တစ်ရက်လျှင် ယာဉ်အစီးရေ (၁၀၀)ကျော် အဝင်အထွက်ရှိပြီး အောက်တိုဘာလ(၁၃)ရက်အထိ စစ်ဆေးချက်အရ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၇)ဦး တွင် COVID-19 ရောဂါပိုး တွေ့ရှိရသဖြင့် ရေးမြို့နယ် ပြည်သူ့ဆေးရုံနှင့် မော်လမြိုင်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ကုသပေးလျက်ရှိသည်။

 

ထို့ပြင် RDT Test Kit စစ်ဆေးခ အဖြစ် မူလ ကျပ်နှစ်သောင်း ကောက်ခံနေရာမှ အောက်တိုဘာ ၁၂ ရက်မှ စတင်ပြီး စစ်ဆေးခ ထက်ဝက်လျှော့ချကာ ကျပ်တစ်သောင်းသာ ပြောင်းလဲကောက်ခံကြောင်း သိရသည်။

 

မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးအတွက် အချက်အချာ ဝင်ပေါက်ဖြစ်သည့် စစ်တောင်းတံတားဂိတ်၊ ရေး/ခေါဇာလမ်းဝ ဝမ်းတူးဆီဆိုင်အနီးဂိတ်နှင့် ဒုံသမိဂိတ်များတွင် ဖြတ်သန်းသွားလာသမျှ ကုန်တင်ယာဉ်များကို ညွှန်ကြားချက်များနှင့်အညီ စစ်ဆေးလျက်ရှိကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးမှ သိရသည်။

 

အဆိုပါ စစ်ဆေးရေးဂိတ်များတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လ၀ကဝန်ထမ်းနှင့် လူမှုကယ်ဆယ်ရေးတို့က Duty အဆိုင်းများခွဲ၍  ၂၄ နာရီ စောင့်ကြပ် စစ်ဆေးလျက်ရှိကြောင်း၊ COVID-19 ရောဂါပိုးတွေ့ရှိသူကို  သက်ဆိုင်ရာဆေးရုံသို့ ချက်ချင်း ပို့ဆောင်ပေးကြောင်း၊ ကျန်းမာရေးဝန်ထမ်းများကလည်း PPE ဝတ်စုံများ ဝတ်ဆင်လျက် အသင့်ပြင်ဆင်ထားကြောင်း၊  ရေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကံဝင်း၏ ပြောပြချက်အရ သိရသည်။

 

# MRTV