ညောင်ဦး   ၁၄  အောက်တိုဘာ 

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသော ကိုဗစ်-၁၉ လူနာ ၁၃ ယောက်သည် ကျန်းမာရေး ကောင်းမွန်သွားသည့်အတွက် ယနေ့နံနက်ပိုင်းက ဆေးရုံဆင်းခွင့်ပြုခဲ့ကြောင်း ညောင်ဦးခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာအောင်အောင်ထံက သိရသည်။

 

ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံဆင်းခွင့်ရသူများမှာ ပနီတွင်းကျေးရွာမှ ၈ ဦး၊ ညောင်လှကျေးရွာမှ ၂ ဦး၊ နပလ္လင်ရွာမှ ၁ ဦး၊ ခွေးပြုရွာမှ ၁ ဦး၊ မြိုင်မြို့နယ် ခွေးပြုတ်ကျေးရွာက ၁ ဦး၊ စုစုပေါင်း (၁၃)ဦး ဆေးရုံဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။

 

mdn

 

ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးမှ နံနက် ၁၁ နာရီတွင် ဆင်းခွင့်ပြုခဲ့ကြောင်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နှင့်အညီ သတ် မှတ်ရက်လည်းစေ့ကာ၊ ကျန်းမာရေးလည်း ကောင်းမွန်တဲ့အတွက် ဆေးရုံဆင်းခွင့်ပြုခဲ့ ကြောင်း၊ ဆေးရုံဆင်းခွင့်ရသူတွေအနေဖြင့် နေအိမ်မှာ Home Quarantine  (၇)ရက်နေ ထိုင်ရမည်ဖြစ်ကြောင်း သိရသည်။

 

ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးမှ ဆင်းခွင့်ရရှိသူ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ ရောဂါပျောက်ကင်းသူများအား ညောင်ဦးဆေးရုံ၊ မြင့်မြတ်သူလူမှု ကူညီရေးအသင်း၊ ကရုဏာရှင် အသင်း၊ မြတ်ဒါန လူမှုကူညီရေးအသင်းတို့မှ လူနာတင်မော်တော်ကားဖြင့် ပြန်လည် ပို့ဆောင် ပေးခဲ့ကြောင်း၊ ပုဂံပလတ်စတစ်ကမ်ပိန်းအဖွဲ့မှ တစ်ဦးလျှင် နှာခေါင်း စည်း Mask ၅၀ခုပါ တစ်ဘူးစီ၊ အသက်ကိုးနှစ်အရွယ် သားသားအတွက် အရုပ်ဆက်အရုပ်ဗူး တစ်ဗူး၊ အသက်နှစ်နှစ် အရွယ်သား သားအတွက် ဂစ်တာတစ်လက်၊ အသက်ရှစ်လအရွယ် သမီးလေးအတွက် မွေးပွဝက်ဝံရုပ် တစ်ရုပ်တို့ကို ညောင်ဦးစားပွဲတင် တင်းနစ်ကလပ်က လက်ဆောင်ပေးအပ်ခြင်းနှင့် လမ်းတွင် စားသောက်ရန် အစားအစာနှင့် သောက်ရေသန့် ဗူးများအား FPA အဖွဲ့တို့က လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ကုသနေသည့် ကိုဗစ်-၁၉ ပိုးတွေ့လူနာ (၆၂)ဦးရှိပြီး ဆေးရုံဆင်းခွင့်ရရှိသူ (၄၄)ဦး၊ရှိပြီး လက်ရှိဆေးရုံကြီး တက်ရောက်ကုသနေသူ (၁၈)ဦး ရှိနေသေးကြောင်း သိရကာ ဆေးရုံဆင်းခွင့်ရရှိသူ ၁၃ ဦးတို့အား တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်ခိုင်၊ ညောင်ဦးခရိုင် ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်း၊ ညောင်ဦးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စိန်ဝင်း၊နှင့်ခရိုင်/မြို့နယ်တာဝန်ရှိ သူများက နှုတ်ဆက်အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

 

မောင်မောင်ထိန်၊ကျောက်ပန်းတောင်း