မိုးညှင်း ၁၄ အောက်တိုဘာ
မြန်မာနိုင်ငံ၏ အကြီးဆုံးကုန်းတွင်း ရေချိုအိုင်ကြီးဖြစ်သည့် အင်းတော်ကြီးကန် အရှေ့ဘက်ကမ်းရှိ နန့်မွန်း - ချောင်းဝ -ညောင်ပင် ကွန်ကရစ်လမ်းအရှည် ၃၃ မိုင်နှင့် ၎င်းလမ်းပေါ်ရှိ ကွန်ကရစ် တံတားများ တည်ဆောက်မှု ၇၇ ရာခိုင်နှုန်းခန့် ပြီးစီးသွားပြီဖြစ်ပြီး ယခုဘဏ္ဍာနှစ်အတွင်း ရာနှုန်းပြည့် ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာနမှ (မြို့ပြ) ဦးစီးအရာရှိ ဦးရဲမြင့်ထွန်းထံမှ သိရသည်။
အဆိုပါ နန့်မွန်း - ချောင်းဝ - ညောင်ပင်လမ်း ဆောင်ရွက်ရန် စုစုပေါင်း ကုန်ကျငွေကျပ်သန်း ၁၃၃၄၂ ဒသမ ၁၃၄ လျာထားပြီး နှစ်အလိုက် ဆောင်ရွက်ပြီးစီးမှုမှာ ၂၀၁၈-၂၀၁၉ ကချင်ပြည်နယ် အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် သန်း ၆၂၈၄ ဒသမ ၃၇၈ ဖြင့် ကွန်ကရစ် လမ်းအရှည် ၁၅ မိုင် နှင့် ၁၀ ပေ အထက်ကွန်ကရစ်တံတား ၂၆ စင်း၊ ၅ပေ Box Culvert ၃၃ စင်း တို့ ဆောင်ရွက်ပြီးစီးခဲ့ပြီး ၂၀၁၉-၂၀၂၀ ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ်သန်း ၃၆၁၇ ဒသမ ၇၆၄ ဖြင့် ကွန်ကရစ်လမ်း အရှည် ၁၀ မိုင်နှင့် ၁၀ ပေ အထက်ကွန်ကရစ် တံတား၇စင်း၊ ၅ပေ Box Culvert၂၆ စင်း၊ ၅ ပေ Box Culvert အကျယ်ချဲ့ခြင်း ၈ စင်းတို့မှာ လုပ်ငန်းဆောင်ရွက်မှု ၉၅ ရာခိုင်နှုန်း ခန့်ပြီးစီးသွားခဲ့ပြီး ဖြစ်သည်။
ယခုနှစ် ဆောင်ရွက်မှုအနေဖြင့် ၂၀၂၀-၂၀၂၁ ပြည်နယ်အစိုးရ အဖွဲ့၏ ငွေလုံးငွေရင်း ခွင့်ပြု ရန်ပုံငွေကျပ်သန်း ၃၄၄၀ ဖြင့် ကွန်ကရစ်လမ်း အရှည် ၇ မိုင်၊ ပေ ၁၈၀ အထက် ကွန်ကရစ် တံတား ၂ စင်းနှင့် ပေ ၂၀ အထက် ကွန်ကရစ်တံတား ၁ စီးတို့ ပါဝင်မည်ဖြစ်ပြီး လုပ်ငန်းများကို ယခုနှစ် ပွင့်လင်းရာသီအတွင်းစတင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယခုဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစီမံကိန်းများအားလုံးကို တင်ဒါစနစ်ဖြင့် ဆောင်ရွက် စေခဲ့ခြင်းဖြစ်ပြီး စီမံကိန်း လမ်းပြီးဆုံးသွားပါက အင်းတော်ကြီး ကန်အရှေ့ဘက်ကမ်းရှိ ကျေးရွာ (၁၅)ရှိ အိမ်ခြေ ၄၅၇၅ အိမ်၊ လူဦးရေ ၂၇၂၇၀ အား အကျိုးပြုသွားမည်ဖြစ်သည့်အပြင် ဖားကန့်မြို့နယ်သို့ ဆက်သွယ်သွားလာရာတွင်လည်း နယ်မြေဖွံ့ဖြိုးရေးနှင့် လုံခြုံရေးအတွက် အရေးပါသည့် လမ်းအဖြစ် အသုံးဝင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ကျော်ကျော်ထွေး(မိုးညှင်း)


