နေပြည်တော် ၁၄ အောက်တိုဘာ
ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership – RCEP) ဆိုင်ရာ ဝန်ကြီးများ၏ (၁၁)ကြိမ်မြောက် ကြားဖြတ်အစည်းအဝေးကို ယနေ့နံနက် ၈ နာရီတွင် Video Conferencing စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ညှိနှိုင်းမှု အခြေအနေများနှင့်စပ်လျဉ်း၍ ကုန်သွယ်ရေးညှိနှိုင်းမှုကော်မတီဥက္ကဋ္ဌ၏ အစီရင်ခံစာကို တင်ပြခဲ့ပြီး RCEP သဘောတူစာချုပ်ကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် ကျင်းပမည့် (၄)ကြိမ်မြောက် RCEP ထိပ်သီးအစည်းအဝေး၌ လက်မှတ်ရေးထိုးနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်မှု အခြေအနေများကို ဝန်ကြီးများက အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်ကို အချိန်မီပြီးစီးစေရန် ကြိုးပမ်းခဲ့သော ကုန်သွယ်ရေး ညှိနှိုင်းမှုကော်မတီနှင့် ဥပဒေနှင့် အဖွဲ့အစည်းများဆိုင်ရာ လုပ်ငန်းအဖွဲ့တို့ကို ကျေးဇူးတင်ရှိကြောင်း၊ နှစ်နိုင်ငံ ညှိနှိုင်းမှုများ ပြုလုပ်ရန် ကျန်ရှိနေသော ကိစ္စရပ်များကို သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် အတတ်နိုင်ဆုံး ညှိနှိုင်းဆောင်ရွက်ကြရန် သက်ဆိုင်ရာ နိုင်ငံများသို့ တိုက်တွန်းပြီး RCEP သဘောတူစာချုပ်ကို နိုဝင်ဘာလတွင် လက်မှတ်ရေးထိုးနိုင်ရေးအတွက် လိုအပ်သော ပြည်တွင်းလုပ်ထုံး လုပ်နည်းများကို အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်ကြရန် အရေးကြီးကြောင်း အလေးပေးပြောကြားသည်။
ထို့အပြင် ပြည်ထောင်စုဝန်ကြီးက RCEP သဘောတူစာချုပ်သို့ အိန္ဒိယနိုင်ငံ အဆင်သင့်ဖြစ်ပါက ပြန်လည်ဝင်ရောက်နိုင်စေရေးအတွက် ဆက်လက်လမ်းဖွင့်ထားပေးမည့် အစီအစဉ်ကိုလည်း ကြိုဆိုကြောင်း ပြောကြားသည်။
ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့၌ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် ပြုလုပ်ခဲ့သည့် (၂၁)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးကာလအတွင်း နိုင်ငံ့ခေါင်းဆောင်များက ညှိနှိုင်းမှုများ စတင်ကြောင်း ကြေညာခဲ့သည်။ RCEP ညှိနှိုင်းမှုများမှာ ယနေ့အထိ (၈) နှစ်တာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် နှစ်ကုန်တွင် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြသည်။
RCEP တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံ (၁၀)နိုင်ငံနှင့် ၎င်း၏ လွတ်လပ်သော ကုန်သွယ်မှုဒေသ သဘောတူစာချုပ် ချုပ်ဆိုထားသောနိုင်ငံများ (FTA Countries) ဖြစ်သည့် သြစတြေးလျ၊ တရုတ်၊ ဂျပန်၊ ကိုရီးယားနှင့် နယူးဇီလန် (၅) နိုင်ငံ၊ စုစုပေါင်းအဖွဲ့ဝင် (၁၅) နိုင်ငံပါဝင်ပြီး ကမ္ဘာ့လူဦးရေ၏ ၃၀ ရာခိုင်နှုန်းခန့်နှင့်ကမ္ဘာ့ စီးပွားရေး၏ ၃၀ ရာခိုင်နှုန်းကို ကိုယ်စားပြုသည့် ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေး သဘောတူစာချုပ်တစ်ခု ဖြစ်လာမည် ဖြစ်သည်။
အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင် (၁၀)နိုင်ငံနှင့် ဩစတြေးလျ၊ တရုတ်၊ ဂျပန်၊ ကိုရီးယားနှင့် နယူးဇီလန်နိုင်ငံတို့မှ ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဝန်ကြီးများ၊ ကုန်သွယ်ရေးညှိနှိုင်းမှု ကော်မတီ သဘာပတိနှင့် အဖွဲ့ဝင်များ၊ အာဆီယံ အတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


