မန္တလေး ၁၄ အောက်တိုဘာ

ရှေးခေတ် ဘုန်းတော်ကြီးကျောင်းများ တည်ဆောက်ရာတွင် သစ်သား၊ ဝါး၊ အုတ်တို့ဖြင့် တည်ဆောက်ကာ သစ်သားကျောင်း၊ ဝါးကျောင်၊ အုတ်ကျောင်းများအဖြစ် ခေါ်ဝေါ်ကြသည်။ ရှေးဟောင်းသမိုင်း အမွေအနှစ် မြန်မာဗိသုကာ လက်ရာများအဖြစ် အုတ်ကျောင်းများနှင့် သစ်သားကျောင်းအနည်းငယ်ကိုသာ လေ့လာခွင့်ရရှိပြီး ဝါးကျောင်းပုံစံကို လေ့လာခွင့်မရရှိကြပေ။ ရှေးဟောင်းသုတေသီများက ရှေးခေတ်ဝါးကျောင်းပုံစံကို ရေးဖွဲ့ထားသည့် ရှင်မဟာရဋ္ဌသာရ၏ ဝတ်ရုံကျောင်းဖွဲ့မော်ကွန်းကို အခြေခံကာ ဝါးကျောင်းပုံစံကို သုတေသနပြုလေ့ရှိသည်။

အမရပူရမြို့ ပုဂံမင်းကောင်းမှု တောင်သမန်ကျောက်တော်ကြီးဘုရား နံရံဆေးရေးပန်းချီတွင် ရှေးခေတ် ဝါးကျောင်းပုံသဏ္ဌာန်ကို ပီပြင်စွာ သရုပ်ဖော်ရေးဆွဲထားသည့်အတွက် ရှေးခေတ်ဝါးကျောင်းပုံစံကို မှန်းဆလေ့လာနိုင်ကြောင်း သိရသည်။

တောင်သမန်ကျောက်တော်ကြီး နံရံဆေးရေးပန်းချီမှ ဝါးကျောင်းပုံမှာ စနစ်ကျပြီးလှပသည်။ သက်ငယ်မိုးများ၊ ဝါးထရံများ၊ ဝါးအခြမ်းများ အသုံးပြုတည်ဆောက်ထားပုံနှင့် ရှေးခေတ်က ဝါးဖြင့်တည်ဆောက်ထားသော ဘုန်းတော်ကြီးကျောင်းများ၏ ပုံသဏ္ဃာန်နှင့် တည်ဆောက်သည့် စနစ်ကိုပါ လေ့လာနိုင်သည်။ တောင်သမန်ကျောက်တော်ကြီးဘုရားမှာ ပုဂံမင်းလက်ထက်က တည်ဆောက်လှူဒါန်းခဲ့သော ဘုရားဖြစ်သည့်အားလျော်စွာ နံရံဆေးရေးပန်းချီမှ ဝါးကျောင်းပုံစံမှာ  ကုန်းဘောင်ခေတ်ဝါးကျောင်း သို့မဟုတ် အမရပူရခေတ်ဝါးကျောင်း ပုံစံဖြစ်ကြောင်း သုတေသီများက ဆိုကြသည်။ လက်ရှိကာလတွင် အများစုတွေ့မြင်ခွင့်မရခဲ့သော ရှေးခေတ်လက်ရာမြောက် ဝါးကျောင်းပုံစံကို အမရပူရမြို့ တောင်သမန်ကျောက်တော်ကြီးဘုရား နံရံဆေးရေးပန်းချီတွင် လေ့လာနိုင်ကြောင်း ရှေးဟောင်းသုတေသီတစ်ဦးက ပြောပြသည်။

တိမ်တမန်