(၁၄-၁၀-၂၀၂၀ ရက်၊ နေပြည်တော်)

(၃၅) ကြိမ်မြောက် အာဆီယံ-ဂျပန်ဖိုရမ် နှင့် စတုတ္ထအကြိမ်မြောက် ပြည်သူ့ကျန်းမာရေး အရေးပေါ်ဆိုင်ရာ အာဆီယံပူးပေါင်းညှိနှိုင်ရေး ကောင်စီ လုပ်ငန်းအဖွဲ့အစည်းအဝေး (4th ASEAN Coordinating Council Working Group on Public Health Emergencies) တို့ကို ယနေ့ နံနက် (၀၈:၀၀) နာရီ မှ (၁၀:၀၀)နာရီအထိလည်းကောင်း၊ မွန်းလွဲ (၁၃:၃၀) နာရီမှ (၁၆:၀၀) နာရီအထိ လည်းကောင်း၊ Video Conferencing စနစ်ဖြင့် အသီးသီး ကျင်းပခဲ့ရာ အဆိုပါ အစည်းအဝေး များသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဟောက်ခန့်ဆုမ်းသည် နိုင်ငံခြားရေဝန်ကြီးဌာန၊ နေပြည်တော် မှ ပါဝင်တက်ရောက် ဆွေးနွေးခဲ့သည်။

(၃၅)ကြိမ်မြောက် အာဆီယံ-ဂျပန်ဖိုရမ်တွင် အာဆီယံ-ဂျပန် ဆွေးနွေးဖက်ဆက်ဆံရေး ညှိနှိုင်းရေးမှူး တာဝန်ယူထားသည့် ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr. Nguyen Quoc Dzung နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr. Takeo Mori San တို့က ပူးတွဲသဘာပတိ အဖြစ် ဆောင်ရွက်ပြီး၊ အစည်းအဝေးသို့ အာဆီယံ အဆင့်မြင့် အရာရှိကြီးများနှင့် အာဆီယံ ဒုတိယ အတွင်းရေးမှူးချုပ်တို့ ပါဝင်တက်ရောက်ခဲ့ကြသည်။

ဖိုရမ်တွင် အဆင့်မြင့်အရာရှိကြီးများက အာဆီယံနှင့်ဂျပန်နိုင်ငံတို့တွင် COVID-19 ကူးစက် ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ချက်များ၊ အာဆီယံ-ဂျပန် ဆွေးနွေး ဖက်ဆက်ဆံရေးကို ပိုမိုတိုးတက်ခိုင်မာစေရေးအတွက် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်မည့် နယ်ပယ်များအပြင် ဒေသတွင်းနှင့်နိုင်ငံတကာ၏ ဖြစ်ပေါ်တိုးတက် ပြောင်းလဲမှုအခြေအနေများကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

ညွှန်ကြားရေးမှူးချုပ် ဉီးဟောက်ခန့်ဆုမ်းက အင်ဒို-ပစိဖိတ်ဆိုင်ရာ အာဆီယံ၏ သဘော ထားအမြင် (ASEAN Outlook on the Indo-Pacific-AOIP)  ကို အကောင်အထည်ဖော်ခြင်းဖြင့် အာဆီယံနှင့် ဂျပန်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာ ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်ရန် ဂျပန်နိုင်ငံ၏ အဆိုပြုချက်ကို မူအားဖြင့် ထောက်ခံကြိုဆိုကြောင်း၊ COVID-19 ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကူးစက်ရောဂါကြောင့် ဖြစ်ပေါ်လာသည့် လူမှု-စီးပွားထိခိုက်နစ်နာ မှုများကို ရင်ဆိုင်ဖြေရှင်းရာတွင် လည်းကောင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သဘာဝဘေးအန္တရာယ် စီမံခန့် ခွဲမှုကဏ္ဍများတွင်လည်းကောင်း၊ အာဆီယံနှင့်ဂျပန်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်ခိုင်မာစေရန် အရေးကြီးကြောင်း ထည့်သွင်း ဆွေးနွေးခဲ့သည်။

မွန်းလွဲပိုင်းတွင် ဆက်လက်ကျင်းပသည့် စတုတ္ထအကြိမ်မြောက် ပြည်သူ့ ကျန်းမာရေး အရေးပေါ်ဆိုင်ရာ အာဆီယံ ပူးပေါင်းညှိနှိုင်းရေးကောင်စီ လုပ်ငန်းအဖွဲ့အစည်းအဝေးတွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr. Nguyen Quoc Dzung က သဘာပတိအဖြစ် ဆောင်ရွက်ပြီး၊ အစည်းအဝေးသို့ အာဆီယံ အဆင့်မြင့် အရာရှိကြီးများ၊ အာဆီယံ စီးပွားရေးအသိုက်အဝန်းနှင့် အာဆီယံလူမှု-ယဉ်ကျေးမှုအသိုက် အဝန်းတို့မှ အဆင့်မြင့်အရာရှိကြီးများ၊ အာဆီယံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်များနှင့် အာဆီယံ ဒုတိယ အတွင်းရေးမှူးချုပ်တို့ ပါဝင်တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် အာဆီယံအဆင်မြင့်အရာရှိကြီးများက အာဆီယံ၏ COVID-19 တုံ့ပြန်ရေးရန်ပုံငွေ (ASEAN COVID-19 Response Fund) ထူထောင်ရေး၊ ပြည်သူ့ကျန်းမာရေး ဆိုင်ရာ အရေးပေါ် အခြေအနေအတွက် ဒေသတွင်း၌ ဆေးဘက်ဆိုင်ရာ အထောက်အကူပြု ပစ္စည်းများ အရံသိုလှောင်ထားရှိရေး၊ ပြည်သူ့ကျန်းမာရေး အရေးပေါ် ကိစ္စရပ်များဆိုင်ရာ အာဆီယံ၏ စံလုပ်ထုံးလုပ်နည်းများ (ASEAN Standard Operating Procedures for Public Health Emergencies) ရေးဆွဲချမှတ်ရေး၊ အာဆီယံ၏ ဘက်စုံပြန်လည် ထူထောင်ရေးမူဘောင် (ASEAN Comprehensive Recovery Framework) နှင့် ၎င်းမူဘောင် အကောင်အထည်ဖော်ဆောင်ရွက် ရေးဆိုင်ရာ လုပ်ငန်းအစီအစဉ် (Implementation Plan) တို့အား ရေးဆွဲအတည်ပြုရေးနှင့် ASEAN Travel Corridor Arrangement မူဘောင်တစ်ရပ် ချမှတ်ရေးဆိုင်ရာ အာဆီယံ ခေါင်းဆောင်များ၏ ကြေညာချက်တစ်ရပ်ထုတ်ပြန်ရေး စသည့် ကိစ္စရပ်များအပေါ် အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။ ထို့နောက် အစည်းအဝေးတွင် အာဆီယံ၏ COVID-19 တုံ့ပြန်ရေး ရန်ပုံငွေဆိုင်ရာ လုပ်ငန်းလမ်းညွှန် (Terms of Reference) နှင့် ပြည်သူ့ကျန်းမာရေး ဆိုင်ရာ အရေးပေါ် အခြေအနေ အတွက် ဒေသတွင်း၌ ဆေးဘက်ဆိုင်ရာ အထောက်အကူပြု ပစ္စည်းများ အရံသိုလှောင်ထားရှိရေးဆိုင်ရာ လုပ်ငန်းလမ်းညွှန် (Terms of Reference) တို့ကို အတည်ပြုခဲ့ ကြသည်။

အစည်းအဝေးများသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဉီးစီးဌာနမှ ဘာသာရပ် တာဝန်ခံအရာရှိများလည်း တက်ရောက်ခဲ့ကြသည်။

Crd - Ministry of Foreign Affairs Myanmar