နေပြည်တော် ၁၄ အောက်တိုဘာ

ဆဋ္ဌမအကြိမ်မြောက် မြန်မာ-အီးယူ လူ့အခွင့်အရေးဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် video conferencing စနစ် ဖြင့် ကျင်းပသည်။

ဆွေးနွေးပွဲ၌ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးကျော်တင်နှင့် ယခင် အိုင်ယာလန်နိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့သူ ဉရောပသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Eamon Gilmore တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ကြသည်။

အဆိုပါဆွေးနွေးပွဲသို့ မြန်မာဘက်မှ အီးယူဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိကြီးများ၊ အီးယူဘက်မှ မြန်မာနိုင်ငံဆိုင်ရာ အီးယူကိုယ်စားလှယ်အဖွဲ့ရုံး အကြီးအကဲ Mr. Ranieri Sabatucci ၊ မြန်မာနိုင်ငံဆိုင်ရာ အီတလီ သံအမတ်ကြီး Mr. Alessandra Schiavo ၊ မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်သံအမတ်ကြီး Ms. Riikka Laatu ၊ အဆင့်မြင့်အရာရှိကြီးများနှင့် ရန်ကုန်မြို့ရှိ အီးယူအဖွဲ့ဝင်နိုင်ငံ သံရုံးအချို့တို့မှ သံတမန်များ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှုကာလ စိန်ခေါ်မှုများ၊ ရခိုင်ပြည်နယ်ရှိ အခြေအနေများ၊ ရခိုင်ပြည်နယ် အကြံပေးကော်မရှင်၏ အကြံပြုချက်များ အကောင်အထည်ဖော်မှု တိုးတက်မှုအခြေအနေ၊ အလုပ်သမားအခွင့်အရေး၊ အမျိုးသမီး၊ ကလေးသူငယ်နှင့် မသန်စွမ်းသူများ၏ အခွင့်အရေး၊ စီးပွားရေးနှင့် လူမှုရေးအခွင့်အရေးများ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်၊ အမုန်းတရားလှုံ့ဆော်မှုများ ကာကွယ်တားဆီးရေးတို့ အပါအဝင် အခြေခံအခွင့်အရေးနှင့် လွတ်လပ်ခွင့်ရရှိရေး၊ နိုင်ငံတကာမျက်နှာစာတွင် လူ့အခွင့်အရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး စသည့် လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များနှင့် ရွှေ့ပြောင်းသွားလာမှုနှင့် နိုင်ငံရေးခိုလှုံခွင့် အပါအဝင် လူ့အခွင့်အရေးကာကွယ် စောင့်ရှောက်ရာတွင် အီးယူ၏ အတွေ့အကြုံများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် မြန်မာနှင့် ဉရောပသမဂ္ဂကုန်သွယ်မှု အခွင့်အရေးစိစစ်လေ့လာရေးအဖွဲ့တို့အကြား စေ့စပ်ညှိနှိုင်းနေမှုအပေါ် တိုးတက်မှုများကို ဆွေးနွေးခဲ့ကြပြီး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ အတွေ့အကြုံနှင့် အလေ့အကျင့်ကောင်းများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်