အင်္ဂလန်နည်းပြဆောက်ဂိတ်က အင်္ဂလန်က ဒိန်းမတ်ကို တစ်ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ နေးရှင်းလိဂ်ပွဲစဉ်အတွင်း ပွဲချိန် ၃၁ မိနစ်မှာ ထုတ်ပယ်ခံခဲ့ရတဲ့ နောက်ခံလူ မက်ဂွိုင်းယားအပေါ် အပြည့်အဝ ထောက်ခံမှု ပေးထားဆဲဖြစ်ကြောင်း   ဆိုပါတယ်။

 

ပွဲချိန် ၃၁မိနစ်မှာ   မက်ဂွိုင်းယားဟာ ဒိန်းမတ်ကစားသမား  ကက်စ်ပါ ဒိုးဘားချ်ကို ပြစ်ဒဏ် ကျူးလွန်ခဲ့လို့ ဒုတိယအဝါကတ်ပြသခံရပြီး နှစ်ဝါတစ်နီနဲ့  ပြိုင်ပွဲကနေ ထုတ်ပယ်ခံလိုက်ရတာ ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ဩဂုတ်လအတွင်း  ဂရိမှာ ဖမ်းဆီးခံခဲ့ရပြီးနောက်ပိုင်း  ခြေစွမ်းပိုင်း ကျဆင်းလာခဲ့တာ ဖြစ်ပါတယ်။

 

နည်းပြ ဆောက်ဂိတ်ကတော့  မက်ဂွိုင်းယားအပေါ် အပြည့်အဝထောက်ခံဆဲဖြစ်ကြောင်း ဆိုခဲ့ပေမယ့် ဖြစ်ပျက်ခဲ့တဲ့ ခက်ခဲတဲ့အရာတွေကနေ ပိုမိုကြံ့ခိုင်သူ တစ်ယောက်ဖြစ်အောင် သင်ကြား ရမယ်လို့ အကြံပြုခဲ့ပါတယ်။  ယခင်ပရီးမီးယားလိဂ်တိုက်စစ်မှူးဟောင်း ခရစ္စဆောက်တန်ကတော့ ဒီလို ထုတ်ပယ်ခံရမှုနဲ့ ပတ်သက်လို့  မက်ဂွိုင်းယားကို အပြစ်တင်ခဲ့ပြီး မက်ဂွိုင်းယားဟာ  ရာသီအစ ကတည်းက ပုံမှန်ခြေစွမ်းအောက် ကျရောက်နေခဲ့တာဖြစ်ကာ သူ့ရဲ့ စရိုက်လက္ခဏာ အစစ်အမှန်ကို ပြသဖို့ လိုအပ်နေပြီလို့ သတိပေးစကားဆိုလိုက်ပါတယ်။

 

မေလဲ့သင်း