လားရှိုး   ၁၅    အောက်တိုဘာ

 

လားရှိုးမြို့တွင် COVID-19  ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် မိုးကုတ်ဝိပသနာ Quarantine Centre ဖွင့်လှစ် ဆောင်ရွက်ခဲ့ရာ အောက်တိုဘာ(၁၅)ရက် နံနက်(၉)နာရီခွဲမှ စတင်၍ အဆိုပါစင်တာမှ  Quarantine ဝင်ရောက်နေသူများအားလုံးကို ပရဟိတယာဉ်များ၊လူမှုကူညီရေးအသင်းအဖွဲ့ယာဉ်များ ဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အဆိုပါယာဉ်တန်းအားဦးဆောင်ကာ အသစ်ဖွင့်လှစ်သော လားရှိုးမြို့ ပညာရေးကောလိပ် Quarantine Centre သို့ပြောင်းရွှေ့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ ပြောင်းရွှေ့ရာ၌ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီ၏ စီစဉ် ဆောင်ရွက်မှုဖြင့် လားရှိုးမြို့ရှိ လူမှုကူညီရေးအသင်း(၁၁)သင်းမှ ယာဉ်စုစုပေါင်း( ၁၂)စီးတို့ ဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ (လားရှိုး ယာဉ်ထိန်းရဲတပ်ဖွဲ့)က ဦးဆောင်ကာ Quarantine ဝင်ရောက်နေသူ အမျိုးသား (၂၉)ဦး အမျိုးသမီး(၁၅)ဦးစုစုပေါင်း(၄၄)ဦးတို့အား အသစ်ထပ်မံဖွင့်လှစ်သော လားရှိုးပညာရေး ကောလိပ်သို့ ပြောင်းရွှေ့ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။

 

မူလဖွင့်လှစ်ထားရှိသော မိုးကုတ်ဝိပသနာစင်တာအား အနံ့ပျောက်သူများနှင့် အရသာပျောက်သူများ၊ သံသယလူနာများအတွက် ဆက်လက်ထားရှိဆောင်ရွက်သွားမည်ဖြစ်ပြီးရောဂါပြင်းထန်လာသူများအား လားရှိုးပြည်သူ့ ဆေးရုံကြီး၌ ဖွင့်လှစ်ထားသော အတည်ပြုလူနာများ ကုသရေး Isolation ward တွင်  ထားရှိ ကုသပေးသွားမည်ဖြစ်ကြောင်း COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီဥက္ကဋ္ဌ ဦးအာကာလင်း ထံမှ သိရှိရသည်။

 

ဟန်ဌေး(လားရှိုး)