မန္တလေး ၁၅  အောက်တိုဘာ

 

ကိုဗစ်-၁၉ ရောဂါကြောင့် အခက်အခဲဖြစ်နေသူများအား မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ နဂါးကွက်သစ်ရှိ သဟပုညကာရီဘုံဆွမ်းလောင်းအသင်းမှ စားဖိုချောင်သီးနှံဟင်းချက်စရာများအား ချမ်းအေးသာစံမြို့နယ် အတွင်းရှိ ရပ်ကွက်များသို့ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်စုံများကို အောက်တိုဘာ ၁၁ ရက် မှ စတင်၍ လိုသလောက်ယူ စနစ်ဖြင့်ဝေငှလျက်ရှိပြီး (၁၀)ရက်ကြာဝေငှပေး သွားမည်ဖြစ်ကြောင်း သိရသည်။

 

အလှူရှင်တွေရဲ့ မတည်လှူဒါန်းမှုနဲ့ အသင်းဦးဆောင်သူတွေက ရပ်ကွက်တာဝန်ရှိသူတွေနဲ့ ပူးပေါင်း စီစဉ်တာပါ၊  နေ့စဉ်နံနက် ၇ နာရီမှာ သတ်မှတ်ထားတဲ့ရပ်ကွက်တွေဆီ အလှည့်ကျလိုက်လံဝေငှ ပေးသွားဖို့စီစဉ်ထားတယ်ဟု သဟပုညကာရီဘုံဆွမ်းလောင်းအသင်းဒုတိယဥက္ကဋ္ဌဦးသောင်းဝင်းထွန်းက ပြောကြားသည်။

 

လောလောဆယ်တော့ (၁၀)ရက်ကြာလှည့်လည်ပြီး ဝေငှလှူဒါန်းပေးသွားဖို့ စီစဉ်ထားပါတယ်၊ အလှူရှင်ရရှိမှုပေါ် မူတည်ပြီး လိုအပ်တဲ့နေရာတွေမှာ ဆက်လက်ဖြည့်ဆည်းနိုင်ဖို့ဆောင်ရွက်နေပါတယ်၊ ရပ်ကွက်တစ်ခုကိုလူနှစ်ရာ၊ နှစ်ရာ့ ငါးဆယ်လောက်မှန်းပြီး စီစဉ် တာပါ၊ တိုးဝှေ့ယူတာမျိုးမရှိရအောင်တန်းစီယူစေပါတယ်၊ ခင်းထားတဲ့ ဟင်းရွက်စုံ လိုသလောက်ယူ ကြက်ဥတစ်ထုပ်ပေးတယ်၊ ဒီနေ့ဒီနေရာမှာလှူတယ်၊ နောက်ရက်ကျတော့ နောက်တစ်နေရာပေါ့ အလှည့်ကျလှူပေးသွားမှာပါ လို့၎င်းက ဆက်လက်ပြောကြားသည်။

 

ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ ကြက်ဥနှင့် စားဖိုချောင်သီးနှံများဝေငှရာတွင် စားပွဲခုံတန်းနှင့် ခင်းကျင်းပြီး တစ်ဦးချင်းလိုသလောက်ယူစနစ်ဖြင့် ဝေငှပေးခဲ့ပြီး အသင်းကနေ နေ့စဉ်မနက်တိုင်း လိုအပ်သော ရပ်ကွက်များသို့ သွားရောက်ကာ လှည့်လည်ဝေငှပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)