ဝန်းသို ၁၅ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းခရိုင် ဝန်းသိုမြို့နယ် ကံကုန်းကျေးရွာတွင် CERP အစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ်ကွက် စိုက်ပျိုးထားသော တောင်သူ ရှစ်ဦး၏ စိုက်ခင်း (၁၈)ဧကတွင် ပိုးမွှားရောဂါ ကျရောက်မှု ကင်းထောက်ခြင်းလုပ်ငန်းကို ယမန်နေ့က စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကောလင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဝင်းသိန်းနှင့် တာဝန်ရှိသူများ၊ ဝန်းသိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးတင့်ဆွေနှင့် စိုက်ပညာရှင် ဝန်ထမ်းများ၊ တောင်သူများက မျိုးစေ့ထုတ်စိုက်ခင်းများအတွင်း ပိုးမွှားရောဂါ ကျရောက်မှုကို ကင်းထောက်ခြင်း ဆောင်ရွက်ခဲ့ရာ ဖျက်ပိုးနှင့် မိတ်ဆွေပိုးအချိုး (၁:၁.၅) တွေ့ရှိ၍ အဆိုပါ စိုက်ခင်းများတွင် ဆေးဖျန်းရန်မလိုအပ်ဘဲ ကောင်းမွန်ဖြစ်ထွန်းလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရသည်။
ဝန်းသိုမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် မိုးစပါးစိုက်ဧက ၃၈၉၈၉ ဧကစိုက်ပျိုးထားရှိပြီး ကိုဗစ်-၁၉ စီးပွား ရေးကုစားမှု CERP အစီအစဉ်ဖြင့် စီးပွားဖြစ်မိုးစပါး မျိုးသန့်မျိုးစေ့ထုတ်ကွက် ၂၅၀ ဧကစိုက်ပျိုးထားရှိသည့် တောင်သူများအတွက် မျိုးစေ့ဖိုး၊ အပင်ပြုစုလုပ်အားခ၊ မျိုးကွဲနုတ်ပယ်ခနှင့် မျိုးစေ့သန့်စင်ခအနေဖြင့် စုစုပေါင်းငွေကျပ်သိန်း ၃၇၁၆၅၀၀၀ ကို ထောက်ပံ့ပေးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကျော်မြိုင် (ပြန်/ဆက်)


