ပန်းတနော် ၁၅ အောက်တိုဘာ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ အောက်တိုဘာ ၁၄ရက် မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမင်းအောင်က ပန်းတနော်မြို့နယ်အတွင်း ပိုးတွေ့လူနာများနှင့် ဆက်စပ်သည့် Contact လူနာများနှင့် ကန့်သတ်နေရာများက ပြန်လာသူများအား ထားရှိသည့် Quarantine Centre များအတွက် အသုံးစရိတ်များ ခွဲဝေချထား သုံးစွဲမှုကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပန်းတနော်မြို့နယ် ကျန်းမာရေးဦးစီးဌာန ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာအေးမင်းသန်းက မြို့ပေါ်ရပ်ကွက် ၄ခု အတွက် ပန်းတနော် အထက-၁ရှိ Quarantine Centre တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ ဌာနဆိုင်ရာများ ပရဟိတအဖွဲ့များက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြသည့်အတွက် ကျေးဇူးအထူးတင်ကြောင်း၊ အလားတူလိုအပ်ချက်ရှိသော ကျေးရွာများရှိ Quarantine Centre များတွင် လည်း ကျန်းမာရေး ဝန်ထမ်းများနှင့်အတူ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများက ဝိုင်းဝန်းပံ့ပိုး ကူညီဆောင်ရွက် ပေးစေလိုကြောင်း ဆွေးနွေးတင်ပြခဲ့သည်။ လက်ရှိ အချိန်အထိ ပန်းတနော်မြို့နယ်အတွင်း Quarantine Centre ပေါင်း ၁၅၆ ခုဖွင့်လှစ်ထားရှိပြီး Quarantine ဝင်သူဦးရေ ၈၅၀ အထိရှိပြီး ဖြစ်ကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)


