ဟုမ္မလင်း ၁၅ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကော်ဖီခေါင်နှိမ်ခြင်းနှင့် ကိုင်းဖြတ် ပုံသွင်းနည်းစနစ်ပညာပေးခြင်းကို ဟုမ္မလင်းမြို့နယ်၊ နောင်လွန်ကျေးရွာအုပ်စု တောင်သူ ဦးကျော်စွာလွင်(ခ)ဦးဖိုးတာ၏ မြသရဖူ ရော်ဘာခြံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ကော်ဖီခေါင်နှိမ်ခြင်းနှင့် ကိုင်းဖြတ်ပုံသွင်းနည်းစနစ် ပညာပေးခြင်းဆောင်ရွက်ရာတွင် ကော်ဖီအထွက် ကောင်းစေရန် ကိုင်းဖြတ်ပုံသွင်းပေးခြင်းဖြစ်ပြီး ပိုးမွှားရောဂါပျံ့နှံ့မှုလျော့နည်းစေခြင်း၊ ရိတ်သိမ်းမှုလွယ်ကူစေခြင်း၊ ကော်ဖီအသီးနှင့်အရွက်၏ မှန်ကန်သောအချိုးကို ထိန်းပေးခြင်းဖြင့် နှစ်ခြားသီးခြင်းကို ကာကွယ်နိုင်မည်ဖြစ်ပါကြောင်း၊ ဇွန်လ နှင့် စက်တင်ဘာလများတွင် မိုးဦး၊ မိုးနှောင်း ရော်ဘာနှင့်ကော်ဖီ ကြားသီးနှံ ဓါတ်မြေသြဇာ ကျွေးနည်းများ နည်းပညာပေး ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ထို့အတူ ကော်ဖီသီးများခူးဆွတ်ချိန်တွင်လည်း အသီးမှည့် စနစ်တကျ ဆွတ်ခူးစနစ်၊ အခြောက်ခံစနစ်များ ဆက်လက်ပညာပေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တောင်သူများ နှစ်ရှည် ရော်ဘာသီးနှံ မှ ဝင်ငွေရရှိသည့်အပြင် နှစ်တိုကြားသီးနှံများ စိုက်ပျိုးခြင်းဖြင့် ဝင်ငွေ နှစ်ဆတိုးတက်ရရှိရေး၊ COVID-19 ကာလ အတွင်း စိုက်ပျိုးရေးလုပ်ငန်းဖြင့် ဝင်ငွေရရှိနိုင်ရေး အတွက် တောင်သူများအား ပညာပေးဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ဆောင်ရွက်ခဲ့ပါကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ ဦးမင်းမင်းဇော် ထံမှ သိရသည်။
ဟုမ္မလင်းမြို့နယ်တွင် ၂၀၁၆ ခုနှစ်မှစ၍ ရော်ဘာစိုက်ခင်းများကြား ကော်ဖီစတင်စိုက်ပျိုးခဲ့ရာ မြို့နယ်တစ်ဝန်း ကုန်းမြင့် ကော်ဖီ ၁၀၈ ဧက ခန့် စိုက်ပျိုးခဲ့ပြီးဖြစ်ပါကြောင်း၊ အသိပညာပေးပွဲသို့ နောင်လွန်၊ ညောင်ပင်သာ၊ စံကပ် ကျေးရွာများမှ တောင်သူ(၂၀) ဦးခန့် တက်ရောက်ခဲ့ကြပြီး၊ တက်ရောက်လာသောတောင်သူများက သိလိုသည်များကို မေးခဲ့ရာ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းများ ဆောင်ရွက် ပေးခဲ့ကြကြောင်းသိရသည်။
မွှေးကြူဇင်


