ရန်ကုန် ၁၅ အောက်တိုဘာ
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း စားရေးသောက်ရေး အဆင်ပြေစေရန် ရည်ရွယ်၍ ကိုဗစ်ကော်မတီမှ အခြေခံ လူတန်းစားများအား ခေါက်ဆွဲခြောက်ထုပ်နှင့်မုန့်များ အိမ်တိုင်ရာရောက် လိုက်လံဝေငှခြင်းကို ယမန်နေ့ ညနေ(၄)နာရီက ဝေငှခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်ကိုဗစ်ကော်မတီ စေတနာ့ဝန်ထမ်းအဖွဲ့များက အင်းစိန်မြို့နယ်၊ ရွာမ အနောက်ရပ်ကွက်(နယ်မြေ-၆)နှင့် မြို့သစ်(ဂ)ရပ်ကွက် (သဲကွင်း)မှ အခြေခံလူတန်းစားအများစု နေထိုင်သည့် အိမ်ထောင်စု (၆၀၀)ကျော်အား ခေါက်ဆွဲခြောက်ထုပ်နှင့်မုန့်များကို အိမ်တိုင် ရာရောက် လိုက်လံဝေငှခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)


