ကျိုင်းတောင်း ၁၅ အောက်တိုဘာ
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် ကိုယ်ဝန်ဆောင်မိခင်များအား ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုပေးခြင်းကို ကျိုင်းတောင်းမြို့ ကျေးလက်ဆေးပေးခန်း၌ ယမန်နေ့ နံနက်ပိုင်းက သားဖွားဆရာမ ဒေါ်ခိုင်သဇင်၊ ဒေါ်သန့်ဇင်အေးနှင့် ဒေါ်ချောအိစံတို့မှ ကျိုင်းတောင်းမြို့ အမှတ်(၃၊၄၊၅) ရပ်ကွက်ရှိ ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုပေးရာတွင် ကျေးလက်ဆေးပေးခန်းသို့ လာရောက်ပြသသည့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ကိုယ်အလေးချိန်တိုင်းပေးခြင်း၊ ကိုယ်ဝန်စမ်းသပ်ပေးခြင်း၊ ဆီးစစ်ပေးခြင်း၊ သံဓာတ်ဖောလိတ် ကိုယ်ဝန်ဆောင်အားဆေး နေ့စဉ်သောက်ရန်ပေးခြင်း၊ ဆစ်စလစ်ရောဂါအတွက် သွေးစစ်ပေးခြင်း၊ တီဘီရောဂါလက္ခဏာရှိ /မရှိ မေးမြန်းခြင်းများ စသည့်အကြောင်းအရာများကို မေးမြန်းဆောင်ရွက် ပေးပြီး ပထမဆုံးအကြိမ်အနေဖြင့် ကိုယ်ဝန်လာအပ်သော မိခင်များကိုလည်း အထက်ပါ အကြောင်းအရာ များအတိုင်း မေးမြန်းဆောင်ရွက်ပေးသည့်အပြင် မိခင်မှ သန္ဓေသားသို့ HIV ပိုးကူးစက်ခြင်းဆိုင်ရာ ဗဟုသုတပေးခြင်း၊ ကျန်းမာရေးပညာပေးခြင်း၊ ကိုယ်ဝန်ဆောင်စဉ်၊ မွေးဖွားစဉ်၊ မွေးဖွားပြီး ဖြစ်ပေါ်နိုင်သော အန္တရာယ် လက္ခဏာများ အသိပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုပေးရာတွင် အပတ်စဉ် ဗုဒ္ဓဟူးနေ့တွင် ဆောင်ရွက်ပေးလျက်ရှိပြီး ကျိုင်းတောင်းမြို့ ကျေးလက်ဆေးပေးခန်း၌ ယခုလအတွင်း ကိုယ်ဝန်ဆောင်မိခင် အဟောင်းနှင့်အသစ် (၃၆)ဦးခန့်ရှိပြီး လာရောက်ပြသသည့် အကြိမ်ရေ (၁၀၈)ကြိမ် ရှိပြီဖြစ်ကြောင်း ကျေးလက်ကျန်းမာရေးဌာနမှ သိရှိရသည်။
ကျိုင်းတောင်း(ပြန်/ဆက်)


