လွိုင်ကော် ၁၅ အောက်တိုဘာ
ကယားပြည်နယ် ပုဂ္ဂလိက မော်တော်ယာဉ် လုပ်ငန်းများအား စနစ်တကျကြီးကြပ်ရေးကော်မတီ မှ COVID - 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကာလအတွင်း စားဝတ်နေရေးတစ်ဖက်တစ်လမ်းမှ အဆင်ပြေ ချောမွေ့စေရန် ကော်မတီ၏ ကြီးကြပ်မှုအောက်ရှိ ခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ် လိုင်းများမှ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်၊ ဂိတ်ဝန်ထမ်းနှင့် လုပ်သားများအား (ဆန်၊ဆီ) ထောက်ပံ့ ပေးအပ်ခြင်းကို ယနေ့နံနက် (၁၀)နာရီ အချိန်တွင် လွိုင်ကော်မြို့၊ နောင်ယား(က)ရပ်ကွက်ရှိ ပုဂ္ဂလိက မော်တော်ယာဉ် လုပ်ငန်းများအား စနစ်တကျ ကြီးကြပ်ရေးကော်မတီ ရုံးရှေ့၌ ကျင်းပရာ ပုဂ္ဂလိက မော်တော်ယာဉ် လုပ်ငန်းများအား စနစ်တကျကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစံအေးနှင့် ကော်မတီဝင်များ၊ ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များ၊ ဂိတ်ဝန်ထမ်းများ၊ လုပ်သားများ တက်ရောက်ကြသည်။
ထောက်ပံ့ပေးအပ်တာနဲ့ ပတ်သက်လို့ ပုဂ္ဂလိက မော်တော်ယာဉ် လုပ်ငန်းများအား စနစ်တကျ ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစံအေး က “ ကိုဗစ်ကာလအတောအတွင်းမှာ ကျွန်တော်တို့ ယာဉ်မောင်း ယာဉ်နောက်လိုက်နဲ့ ဂိတ်လုပ်သားတွေပေါ့လေ။ ကျွန်တော်တို့ ထောက်ပံ့ပေးတဲ့ အစီအစဉ် ကတော့ တတိယအကြိမ်ပေါ့။ ကျွန်တော်တာဝန်ထမ်းဆောင်စဉ်က ရန်ပုံငွေ သိန်း(၁၈၀)ခန့်ရှိပါတယ်။ ကျွန်တော်တို့ စုဆောင်းရင်း ယနေ့ထိ ဘဏ်စာအုပ်အရဆိုရင် သိန်း (၇၄၀)ရှိပါတယ်။ သိန်း(၇၄၀)ထဲမှာ ဒီကနေ့ ကျွန်တော်တို့ လူတစ်ယောက်ကို ဆန် (၁၂)ပြည်နဲ့ ဆီ (၁)ပိဿာပေးလိုက်တဲ့အတွက်ကြောင့်မို့ (၁၀၇)သိန်း ကုန်ကျသွားပါတယ်။ ဒါလဲပဲ ကျွန်တော်တို့ ယာဉ်မောင်း၊ယာဉ်နောက်လိုက်တွေရဲ့နေ့စဉ် စုထားတဲ့ ပိုက်ဆံ ထဲကနေပြီး ကျွန်တော်တို့ပြန်လည်ပြီးတော့ ထောက်ပံ့ခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ဒီ ပထမအကြိမ် ထောက်ပံ့တုန်းက (၆၇၇)ဦးပေါ့နော်။ သို့သော်လည်းပဲ ကျွန်တော်တို့က ယာဉ်မောင်း ယာဉ်နောက်လိုက် တွေပဲလားဆိုတော့မဟုတ်ဘူးပေါ့နော်။ ကျွန်တော်တို့ပရဝဏ်မှာရှိတဲ့ ဈေးသည်တွေက အစပေါ့နော်။ ဒါတွေအားလုံးကိုကျွန်တော်တို့ အကုန်လုံးပေးပါတယ်။ တကယ်လို့ အခက်အခဲရှိရင် ကျွန်တော်နဲ့ ဆက်သွယ်လိုက်ပါ။ ဆက်သွယ်လို့ရှိရင် ကိုဗစ်ကာလမှာ ကျွန်တော်တို့ ဒီပရိဝဏ်မှာရှိတဲ့ ကျွန်တော်တို့ မိသားစုတွေအားလုံးကို တစ်ယောက်မကျန်အောင် ကျွန်တော်တို့ ထောက်ပံ့၊ ကျွန်တော်တို့ အရန်အနေနဲ့ ကျွန်တော်တို့ (၃၈)အိတ်လောက်လုပ်ထားပါတယ်။ ယာဉ်လိုင်းပြန်ဖွင့်တယ် ပိတ်တယ် ဆိုတာကတော့ ကျွန်တော်တို့ကော်မတီအနေနဲ့ကတော့ လုပ်နိုင်တဲ့စွမ်းအားတော့မရှိဘူးပေါ့လေ။ ပြည်နယ်အစိုးရကလမ်းညွှန်မှုပေးတဲ့နေ့ကနေ ကျွန်တော်တို့ ပြန်ပြေးဆွဲပေးမှာပါ။ ” ဟုပြောသည်။
ယာဉ်လိုင်းတွေကို စက်တင်ဘာ (၁၂)ရက်နေ့က ရပ်နားခဲ့တာကြောင့် (၁)လနဲ့ (၃)ရက် ရှိသွားပြီဖြစ်ပြီး ယာဉ်လိုင်းအသီးသီးက ကော်မတီအနေနဲ့ ထောက်ပံ့ပေးစေချင်ကြောင်း တင်ပြလာမှုလည်းရှိကြောင်း၊ ယခုထောက်ပံ့မှုမှာ ပုဂ္ဂလိက မော်တော်ယာဉ် လုပ်ငန်းများအား စနစ်တကျ ကြီးကြပ် ရေးကော်မတီ အောက်ရှိ ကော်မတီဝင်များ၊ ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များ၊ ဂိတ်ဝန်ထမ်းများ၊ လုပ်သားများ ပေါင်း (၇၀ဝ) ကျော်ခန့် ထောက်ပံ့ပေးသွားမှာဖြစ်ကြောင်း ဦးစံအေးပြောကြားချက်အရ သိရသည်။
ကိုစိုင်း (လွိုင်ကော်)


