ရန်ကုန် ၁၅ အောက်တိုဘာ

 

ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ အစိုးရနှင့် ပြည်သူများက မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန် အတွက် နှာခေါင်းစည်း (Mask) များနှင့် ဆေးရုံသုံး လက်အိတ်များ ထောက်ပံ့လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပြုလုပ်သည်။

 

အဆိုပါ အထောက်အကူပြု ပစ္စည်းများ တင်ဆောင်လာသော လေယာဉ်သည် ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံသံရုံးတို့မှ တာဝန်ရှိသူများက ကြိုဆိုကြသည်။

 

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Ly Quoc Tuan က မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တိုက်ဖျက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန် အတွက် အမေရိကန်ဒေါ်လာ (၂၀၀၀၀) တန်ဖိုးရှိ နှာခေါင်းစည်း(Mask)များ နှင့် ဆေးရုံသုံးလက်အိတ်များကို လွှဲပြောင်းပေးအပ်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဆေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းက လက်ခံရယူသည်။

 

ယနေ့ လှူဒါန်းမှုနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Ly Quoc Tuan က “မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်းဖြစ်ပွားမှုကို အချိန်မီ တားဆီးနိုင်ဖို့အတွက် အခုလိုကူညီရခြင်းဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံ အစိုးရနဲ့ ပြည်သူတွေရဲ့လှူဒါန်းမှုပါ။ ဒီကနေ့လှူဒါန်းမှုကတော့ ဒုတိယအကြိမ်ဖြစ်ပါတယ်။ မြန်မာ အစိုးရအနေနဲ့လည်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကို အချိန်မီ ကာကွယ်၊ ထိန်းချုပ်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟုပြောသည်။

 

အလားတူ ကိုဗစ်-၁၉ ကာကွယ်တုံ့ပြန်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် ဗီယက်နမ်နိုင်ငံရှိ ဗီယက်နမ် - မြန်မာ ချစ်ကြည်ရေးအသင်းက မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန် အတွက် ဗီယက်နမ်ဒေါင်  (၅၄၀,၇၅၀,၀၀၀) နှင့် ကျန်းမာရေး အထောက်အကူပြုဆိုင်ရာ ပစ္စည်းများကို ယမန်နေ့ ညနေပိုင်းက ဗီယက်နမ် ဆိုရှယ် လစ်သမ္မတနိုင်ငံ၊ ဟနွိုင်းမြို့ရှိ မြန်မာသံရုံး၌ ထောက်ပံ့လှူဒါန်းရာ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးဝင်းက လက်ခံရယူခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။

 

အဆိုပါ လှူဒါန်းငွေ ဗီယက်နမ်ဒေါင်များနှင့် ကျန်းမာရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းများအား မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ အဖွဲ့အစည်းဖြစ်သည့် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော် မတီထံသို့ ဆက်လက်လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်