ရွှေဘို ၁၅ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် ယနေ့ နံနက် ၁၀ နာရီက ဝက်လက်မြို့နယ် ဟန်လင်းမြို့ဟောင်းရှိ ရေပူစမ်းနားနေဆောင်တွင် ပျူခေတ် ရှေးဟောင်းပစ္စည်းများ အပ်နှံခြင်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများအား ပေးအပ်ခဲ့သည်။
ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး ယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က မိမိဒေသ၏ ယဉ်ကျေးမှုအမွေအနှစ်များကို တန်ဖိုးထား၍ ကာကွယ်ထိန်းသိမ်းကာ တာဝန်သိစိတ်ဖြင့် ဒေသခံများက နိုင်ငံတော်သို့ အပ်နှံခဲ့သဖြင့် နိုင်ငံ၏ သမိုင်းဆိုင်ရာ၊ ယည်ကျေးမှုဆိုင်ရာ ကွင်းဆက်များ တန်ဖိုးကြီးမားသည့်အပြင် ဒေသခံများ၏ အသိပညာမြင့်မားစွာဖြင့် မိမိဒေသ၏ ယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းမြတ်နိုး တန်ဖိုးထားသည့် ပြယုဂ်တစ်ဖြစ်ပါကြောင်း၊ ဒေသခံများနှင့် ဆုကြေးငွေချီးမြှင့်ပေးပါသော သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူများအားလုံးကို အထူးကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ရွှေဘိုခရိုင် ဝက်လက်မြို့နယ်ရှိ ကမ္ဘာ့အမွေအနှစ်ဒေသ တစ်ခုဖြစ်သော ဟန်လင်းမြို့ဟောင်း တောင်ဘက်မြို့ရိုး အပြင်ဘက် တူးဖော်မှုကုန်းအမှတ်(၃)၊ အနောက်တောင်ဘက် ပေ(၁၃၀)ခန့်အကွာ ဒေါ်တင်မအပိုင် ယာမြေအား ဒေသခံလုပ်သားများမှ ယာမြေရှင်းလင်းရာမှ တွေ့ရှိခဲ့သည့် ရှေးဟောင်းဝတ္ထုပစ္စည်းများဖြစ်သော ပျူခေတ်ရွှေစေတီ ထီးတော်(၁)ဆူ၊ ရွှေခေါင်းလောင်း(၁)ခု၊ ငွေပစ္စယာ(၁)ခု၊ ငွေပစ္စယာ အောက်ခံပြား(၁)ခု၊ ငွေနန်းကြိုး အပိုင်းအစ(၃)ခု၊ ငွေအပိုင်းအစ(၂)ခုတို့ကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသို့ အပ်နှံခြင်းအတွက် ချီးမြှင့်ငွေကျပ် ၁၁၉၀၂၉၇ဝ နှင့် ဂုဏ်ပြုမှတ်တမ်းလွှာကို ဒေါ်တင်မနှင့် တွေ့ရှိသူများထံသို့ ပေးအပ်ခဲ့ပြီး ဒေသခံ ရပ်မိရပ်ဖ ဦးခင်သောင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူများ၏ ဟန်လင်းမြို့ဟောင်းအတွင်း တူးဖော်ရရှိထားသော ရှေးဟောင်းကျောက်ပန်းပု လက်ရာများနှင့် ရှေးဟောင်း လူထုခန်းမဆောင် ထိန်းသိမ်းထားရှိမှု အခြေအနေတို့အား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား ဟန်လင်းမြို့ဟောင်း၏ ပျူခေတ်ယဉ်ကျေးမှု လက်ရာများ ပျောက်မသွားစေဘဲ မူလအတိုင်း ထာရှိစေရေး အားလုံးပူးပေါင်း ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။
ထွန်းကိုကို (ပြန်/ဆက်)


