မန္တလေး ၁၅ အောက်တိုဘာ

ပြည်ကြီးတံခွန်မြို့နယ်သို့ အဝေးရောက်မဲဆန္ဒရှင်များမှ စာအိတ်များဖြင့်ပေးပို့လာသော ကြိုတင်ဆန္ဒမဲ လက်မှတ်များအား စစ်ဆေးကာ ကြိုတင်ဆန္ဒမဲပုံးဖြင့် ချိတ်ပိတ်ခြင်းကို ယနေ့မွန်းလွဲပိုင်းက ပြည်ကြီးတံခွန်မြို့နယ်ရှိ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် ဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြည်ကြီးတံခွန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဉက္ကဋ္ဌ ဦးကျော်သန်းနှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်များ၊ မြို့နယ်အတွင်းရှိ အများယုံကြည်လေးစားခြင်းခံရသူများနှင့် နိုင်ငံရေးပါတီများရှေ့တွင် အဝေးရောက်မဲဆန္ဒရှင်များမှ စာအိတ်များဖြင့်ပေးပို့လာသော ကြိုတင်ဆန္ဒမဲလက်မှတ်များအား တာဝန်ရှိသူများက စစ်ဆေးပြီး ကြိုတင်ဆန္ဒမဲပုံးဖြင့်ထည့်ကာ ချိတ်ပိတ်ဆောင်ရွက်ခဲ့ကြသည်။

ပြည်ကြီးတံခွန်မြို့နယ်တွင် မဲရုံပေါင်း (၇၁)ရုံနှင့် မဲဆန္ဒရှင်ပေါင်း ၁၈၀၀၀၀ ကျော်ရှိကြောင်း လက်ရှိပြုစုထားသော မဲစာရင်းများအရ သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)