မတ္တရာ ၁၅ အောက်တိုဘာ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်တွင် မြစိမ်းရောင်(ငါးကဏ္ဍ) စီမံကိန်းဖြင့် ဆောင်ရွက်သည့် မွေပုံကန်တောင်ကျေးရွာသို့ စီမံကိန်းအတိုးရငွေမှ ၉၅ သိန်းကျပ်နှင့် ပြည်သူထည့်ဝင်ငွေများဖြင့် ဆောင်ရွက်ခဲ့သော လျှပ်စစ်မီးလင်းရေးလုပ်ငန်းများ ပြီးစီးပြီဖြစ်ကြောင်း မတ္တရာမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဇော်ခိုင်ထံမှ သိရသည်။

အဆိုပါမြစိမ်းရောင်(ငါးကဏ္ဍ) စီမံကိန်းဝင် မွေပုံကန်တောင်ကျေးရွာသည် ၂ဝ၁၅-၂ဝ၁၆ ခုနှစ်မှ စတင်၍ မတည်ငွေကျပ်သိန်း ၃ဝဝ ဖြင့် စတင်ဆောင်ရွက်ခဲ့ရာ ၂ဝ၂၀ ပြည့်နှစ် ဧပြီလကုန်အထိ အတိုးရ ငွေပေါင်းကျပ် ၂၀၄ ဒသမ ၇ သိန်းရရှိခဲ့ပြီး အတိုးရငွေမှ ၉၅ သိန်းကျပ်နှင့် ကျေးရွာပြည်သူလူထုမှ ထည့်ဝင်ငွေကျပ် ၁၆၀ ဒသမ ၈၁၆၂ သိန်း စုစုပေါင်းကျပ် ၂၅၅ ဒသမ ၈၁၆၂ သိန်းဖြင့် ကျေးရွာ မီးလင်းရေးအတွက် ဆောင်ရွက်သွားခဲ့ရာ လျှပ်စစ်မီးကြိုးများ သွယ်တန်းပြီးစီးပြီဖြစ်ရာ မွေပုံကန်တောင်ကျေးရွာရှိ အိမ်ခြေ ၂၄၈ မှ လူဦးရေ ၁၁၅၀ ဦးမှာ လျှပ်စစ်မီးသုံးစွဲနိုင်တော့မည် ဖြစ်သည်။ မြစိမ်းရောင်(ငါးကဏ္ဍ) စီမံကိန်းမှ အတိုးရငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

MDN