၁၅ အောက်တိုဘာ

ဥရောပအကောင်းဆုံး လူငယ်ကစားသမားဆုရဲ့ နောက်ဆုံးဆန်ခါတင်စာရင်းကို ထုတ်ပြန်လိုက်ရာမှာ ဒေါ့မွန်တိုက်စစ်အတွဲဖြစ်တဲ့ ဟာလန်းနဲ့ ဆန်ချိုတို့နှစ်ဦးလုံး ပါဝင်လာတာကို တွေ့ရပါတယ်။ ဆန်ချိုဟာ ဘွန်ဒက်စ်လီဂါမှာ အကောင်းဆုံး ခြေစွမ်းပြသနေတာကြောင့် သူ့တန်ဖိုးဟာလည်း  ပေါင် ၁၀၈ သန်းအထိ မြင့်တက်လာပါတယ်။ အလားတူ ဟာလန်းကလည်း ပြီးခဲ့တဲ့ဘောလုံးရာသီ  ဒေါ့မွန်အသင်းနဲ့ ပွဲဦးထွက်ရာသီအဖြစ် ဖြတ်သန်းခဲ့ရာ  ၂၃ ပွဲမှာ  ၂၁ ဂိုးအထိ သွင်းယူနိုင်ခဲ့တာကြောင့် ရီးယဲလ်မက်ဒရစ်ကတောင် မျက်စိကျလာရတဲ့  အထိ ခြေစွမ်းတောက်ပြောင်ခဲ့သူဖြစ်ပါတယ်။ ဒီနှစ် European Golden Boy ဆုဟာ ဒေါ့မွန်တိုက်စစ်မှူး နှစ်ဦးထဲက တစ်ဦးအတွက်သာ ဖြစ်မယ်လို့  နာမည်ထွက်နေပါတယ်။  

ပြီးခဲ့တဲ့ဘောလုံးရာသီ  ဒီဆုစာရင်းမှာတော့  ဆန်ချိုက ဒုတိယနဲ့ ဟာလန်းက စတုတ္ထနေရာတွေမှာ အသီးသီး ရပ်တည်နိုင်ခဲ့ကြပြီး အက်သလက်တီကို တိုက်စစ်မှူး ဂျာအိုဖီးလစ်က ဘင်ဖီကာအသင်းမှာ ပြသခဲ့တဲ့ ခြေစွမ်းတွေကြောင့် အကောင်းဆုံး လူငယ်ကစားသမားဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။

ယခုနှစ် ဆန်ခါတင် ၂၀ ဦး စာရင်းမှာ မန်စီးတီးရဲ့ ဖီးလ်ဖိုဒန်နဲ့  ဖာရန်တောရက်စ်၊ မန်ယူရဲ့ ဂရင်းဝုဒ်၊ ဝုဖ်တိုက်စစ်မှူး ဖေဘီယိုဆေးလ်ဗား၊ ချယ်လ်ဆီးတောင်ပံကစားသမား အိုဒီယို နဲ့ အာဆင်နယ်လူငယ်ကစားသမား ဘူကာယိုဆာကာတို့ပါဝင်နေတာကြောင့်  ပရီးမီးယားလိဂ်မှာ ကစားနေတဲ့ ကစားသမားခြောက်ဦးအထိ ပါဝင်နေတာကို တွေ့ရပါတယ်။ ဒါ့အပြင် နည်းပြဇီဒန်းရဲ့ အကြိုက် ရီးယဲလ်လူငယ်လေးတွေဖြစ်တဲ့ ဗင်ဆီးယက်စ်နဲ့ ရိုဒရီဂိုတို့ကလည်း  ယခုဆန်ခါတင်စာရင်းမှာ ပါဝင်လာပါတယ်။

အသက် (၂၁)နှစ်အောက် ကစားသမားတွေကို ပေးအပ်လေ့ရှိတဲ့ ဒီဆုဟာ  ဥရောပမှာ ကစားနေတဲ့ လူငယ်ခြေတက်ကစားသမားတွေ အကုန်လုံးနဲ့ အကျုံးဝင်တာဖြစ်ပြီး မက်ဆီ၊ ပေါ့ဘာနဲ့ ဘာပေတို့ဟာ ဒီဆုကို ဆွတ်ခူးနိုင်ခဲ့ကြတဲ့ ကစားသမားတွေဖြစ်ပါတယ်။ ဥရောပတစ်ဝှမ်းရှိ ဂျာနယ်လစ် ၄၀ဦး က မဲပေးရွေးချယ်တာဖြစ်ပါတယ်။

မေလဲ့သင်း