နေပြည်တော် ၁၅ အောက်တိုဘာ

 

အခြေခံပညာကျောင်း အရည်အသွေးအာမခံမှု စံသတ်မှတ်ချက်အညွှန်းဘောင် မိတ်ဆက်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။

 

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အခြေခံပညာကျောင်း အရည်အသွေးအာမခံမှု စံသတ်မှတ်ချက်အညွှန်းဘောင် လုပ်ငန်းစဉ်အတွက် နည်းပညာနှင့်ဘဏ္ဍာငွေ အကူအညီအထောက်အပံ့ပေးသည့် ဩစတြေးလျနိုင်ငံအစိုးရကိုယ်စား ဩစတြေးလျသံအမတ်ကြီးနှင့် တာဝန်ရှိသူများ၊ အခြေခံပညာ ဦးစီးဌာနနှင့် အခြေခံပညာကျောင်း အရည်အသွေးအာမခံမှု စံသတ်မှတ်ချက်အညွှန်းဘောင် လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်ပေးကြသူများအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း။

 

ပညာရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) တွင်ဖော်ပြထားသည့် ဦးစားပေးလုပ်ငန်းစဉ်များကို ကြိုးစားအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအခါ ဝေးလံဒေသများ၊ တိုင်းရင်းသားဒေသများတွင် သင်ယူမှုအခွင့်အလမ်း ပိုမိုရရှိလာပါကြောင်း၊ ၂၁ ရာစု ပညာရေးစနစ်နှင့် လိုက်လျောညီထွေရှိသည့် သင်ရိုးညွှန်းတမ်းအသစ်များ၊ ကျောင်းသုံးဖတ်စာအုပ်များ၊ သင်ကြားသင်ယူမှု နည်းလမ်းကောင်းများနှင့်အတူ၊ ကျောင်းထောက်ပံ့ကြေးများ ပိုမိုထောက်ပံ့ပေးခြင်း စသည်တို့ကြောင့် မူလတန်း၊ အလယ်တန်း၊ အထက်တန်း သင်ယူပြီး မြောက်မှုနှုန်းများ ပိုမိုတိုးတက်လာပါကြောင်း။

 

အထူးသဖြင့် မြန်မာ့ပညာရေးအရည်အသွေးမြင့်မားရေး လုပ်ငန်းအစီအစဉ် (Myanmar Education Quality Improvement Plan (My-EQIP) ၏ ခိုင်မာသည့် အထောက်အထားများအရ လိုအပ်ချက်မြင့်မားနေသည့် ဒေသများတွင် ကျောင်းဆောင်၊ ဆရာဆရာမများ စသည့် ဖြည့်ဆည်းရမည့် အချက်အလက်များကို ဦးစားပေးအလိုက် အလျင်အမြန် ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ခဲ့ပါကြောင်း၊ ယခုလို အောင်မြင်မှုသည် ဆရာ ဆရာမများ၊ ကျောင်းအုပ်များ၊ ဒေသခံပြည်သူများနှင့် အစဉ်တစ်စိုက်ကူညီ ဆောင်ရွက်ပေးကြသည့် မိတ်ဖက်နိုင်ငံအဖွဲ့အစည်းများနှင့် ဩစတြေးလျနိုင်ငံတို့၏ ပံ့ပိုးကူညီမှုကြောင့်သာ ဖြစ်ပါကြောင်း။

 

ယနေ့ အစီအစဉ်ဖြစ်သည့် အခြေခံပညာကျောင်း အရည်အသွေးအာမခံမှု စံသတ်မှတ်ချက်အညွှန်းဘောင် (BE-SQASF) သည် (My-EQIP) လုပ်ငန်းစဉ်မှ ပေါ်ထွက်လာသည့် ကဏ္ဍဖြစ်ပါကြောင်း၊ အရည်အသွေးရှိသော ကျောင်းသား ကျောင်းသူများ ဖြစ်လာရေးအတွက် အခြေခံပညာကျောင်းများသည် အရည်အသွေး အာမခံနိုင်ရန်လိုအပ်ပါကြောင်း၊ အခြေခံပညာကျောင်းများ၏ အရည်အသွေး တိုးတက်မှုအတွက် အာမခံနိုင်ရေးအတွက် ကျောင်း၏လိုအပ်ချက်၊ ဆရာဆရာမများ၏ လိုအပ်ချက်၊ ကျောင်းအရည် အသွေးတိုးတက်ရေးအတွက် ဖြည့်ဆည်းပေးရမည့် အချက်အလက်များကို လက်တွေ့ကျကျ အမေးအဖြေပြုလုပ်ပြီး ဆောင်ရွက်ထားခြင်း ဖြစ်သည့်အတွက် (BE-SQASF)သည် ပညာရေးဝန်ကြီးဌာနအတွက် အလွန်အကျိုးရှိ ထိရောက်သော လုပ်ငန်းစဉ်များ ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ဩစတြေးလျအစိုးရကိုယ်စား မြန်မာနိုင်ငံ ဩစတြေးလျ သံအမတ်ကြီး Ms.Andrea Faulkner က အမှာစကားပြောကြားသည်။

ထို့နောက် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက အခြေခံပညာကျောင်း အရည်အသွေးအာမခံမှု စံသတ်မှတ်ချက်အညွှန်းဘောင် ဆောင်ရွက်မည့် အစီအစဉ်များအား  ရှင်းလင်းပြောကြား၍ အသိပညာပေးပြိုင်ပွဲတွင် ဆုရရှိသူများ၏ စာရင်းကို ကြေညာသည်။

 

ယင်းနောက် အခြေခံပညာကျောင်း အရည်အသွေးအာမခံမှု စံသတ်မှတ်ချက် အညွှန်းဘောင်လုပ်ငန်းစဉ်အကြောင်းကို လုပ်ငန်းအဖွဲ့ဝင် (အခြေခံပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး) ဒေါ်ခင်မူဇော်အောင်က ရှင်းလင်းတင်ပြသည်။

 

ထို့နောက် အခြေခံပညာကျောင်း အရည်အသွေးအာမခံမှု စံသတ်မှတ်ချက် အညွှန်းဘောင် အကောင်အထည်ဖော်ခြင်းဆိုင်ရာ Video ကို ပြသခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်