ဂျကာတာ ၁၆ အောက်တိုဘာ

အင်ဒိုနီးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားခဲ့ချိန် မတ်လမှစ၍ ယမန်နေ့အထိ ဆရာဝန် ၁၃၆ ဦး သေဆုံးခဲ့ ကြောင်း အင်ဒိုနီးရှား ဆရာဝန်များအသင်းက ပြောကြားသည်။
ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသွားသည့် ဆရာဝန်များအနက် ၇၁ ဦးသည် အထွေထွေရောဂါကု ဆရာဝန်များဖြစ်ပြီး ကျန် ၆၃ ဦးသည် အထူးကုဆရာဝန် များဖြစ်ကာ ကျန်ဆရာဝန်နှစ်ဦးသည် ဒေသခံများ ဖြစ်ကြောင်း သိရသည်။ သေဆုံးသွားသည့် ဆရာဝန်များ အနက် ကိုးဦးသည် ယခုလအတွင်း သေဆုံးခဲ့ကြောင်း သိရသည်။

အရှေ့ဂျာဗားပြည်နယ်၌ ကိုဗစ်-၁၉ ရောဂါကြောင့် ဆရာဝန် ၃၂ ဦးသေဆုံးပြီး အင်ဒိုနီးရှားနိုင်ငံရှိ ပြည်နယ်နှင့် ဒေသများအနက် ဆရာဝန်သေဆုံးမှု အများဆုံးဖြစ်သည်။ ထို့အပြင် မြို့တော်ဂျကာတာ၌ ဆရာဝန် ၁၉ ဦးနှင့် မြောက်ဆူမားတြားပြည်နယ်၌ နှစ်ဦး စသည်ဖြင့် အသီးသီး သေဆုံးခဲ့ကြောင်း သိရသည်။
အင်ဒိုနီးရှားနိုင်ငံရှိ ဆေးဘက်ဆိုင်ရာ ဆရာဝန်များ သည် တာဝန်ထမ်းနေစဉ် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး နောက် သေဆုံးခဲ့ကြရာ ကျန်းမာရေးဌာနအတွက် အကျပ်အတည်းတစ်ခုပင်ဖြစ်လာကြောင်း အင်ဒိုနီးရှား ဆရာဝန်များအသင်းမှ တာဝန်ရှိသူ အာရီကူဆူမာဂျနွာတို က ပြောကြားသည်။
တစ်ချိန်တည်းမှာပင် ဂျနွာတိုက ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ထိန်းချုပ်ရေးအတွက် ပြည်သူနှင့် အစိုးရအကြား ပို၍ ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းလိုက်သည်။ အကယ်၍ ပြည်သူလူထုဘက်မှ ပူးပေါင်းဆောင်ရွက်မှု မရှိပါက ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကို မည်သည့်အခါ မျှ ထိန်းချုပ်နိုင်မည်မဟုတ်ကြောင်း ၎င်းက ထပ်မံပြောကြား သည်။


အင်ဒိုနီးရှားနိုင်ငံ၌ ဆရာဝန်များအပြင် သူနာပြုနှင့် သွားဘက်ဆိုင်ရာဆရာဝန် အများအပြားသည်လည်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။ ယခုနှစ် စက်တင်ဘာလနှောင်းပိုင်းအထိ အင်ဒိုနီးရှား၌ ကိုဗစ်-၁၉ ရောဂါကြောင့် သူနာပြု ၉၂ ဦး သေဆုံးခဲ့ပြီး သွားဘက်ဆိုင်ရာ ဆရာဝန် ကိုးဦးသေဆုံးခဲ့ကြောင်း သိရ သည်။

အင်ဒိုနီးရှားနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၄၁၁ ဦး တွေ့ရှိခဲ့ပြီးနောက် လက်ရှိ အချိန်အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၃၄၉၁၆၀ ရှိလာပြီး ၁၂၁၅၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ သို့သော် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၇၃၆၆၁ ဦးသည် ရောဂါမှ ပြန်လည်ကျန်းမာသွားကြောင်း သိရသည်။



ကိုးကား - အနာဒိုလူအေဂျင်စီ

ဘာသာပြန် - ဂျေတီ