၁၆ အောက်တိုဘာ
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး ကျွမ်းကျင်ပညာရှင်တွေရဲ့ ပြောဆိုတွေ့ရှိချက်တွေနဲ့ ဆန့်ကျင်တဲ့ အချက်အလက်တွေနဲ့ ကပ်ရောဂါပိုးနဲ့ ပတ်သက်ပြီး သတင်း အချက်အလက် အမှားတွေကို You Tube ကနေ ဖယ်ရှားသွားမယ်လို့ ဗုဒ္ဓဟူးနေ့က ကြေညာထားကြောင်း သိရပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ အကြောင်းနဲ့ ကုသနည်းတွေ အပေါ်မှာ သတင်း အချက်အလက် အမှားတွေနဲ့ လိမ်ညာလှည့်ဖျားချက်(Hoax) တွေ ပါဝင်တဲ့ သတင်းတွေဟာ အွန်လိုင်းမှာ တွေ့ရှိနေရတဲ့အတွက် အခုလို ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ဂူဂယ် (Google) ပိုင်တဲ့ ဗီဒီယိုဖြန့်ချိရေး ဝန်ဆောင်မှု ပေးနေတဲ့ You Tube က ဒေသတွင်း ကျန်းမာရေး ကျွမ်းကျင်ပညာရှင် သို့မဟုတ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ကိုရိုနာ ဗိုင်းရပ်စ်ပိုးနဲ့ ပတ်သက်ပြီး ထုတ်ပြန်ချက်နဲ့ မညီတာတွေကို ဖယ်ရှားသွားမယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစပြီး ကိုရိုနာ ဗိုင်းရပ်စ် ရောဂါနဲ့ ပတ်သက်တဲ့ သတင်းအမှားတွေ၊ အန္တရာယ်ရှိတဲ့ အကြောင်းအရာတွေ ပါရှိတဲ့ ဗီဒီယိုပေါင်း ၂၀၀,၀၀၀ ကျော်ကို ဖယ်ရှားပြီးကြောင်း You Tube က ပြောပါတယ်။
Facebook ကလည်း ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး မထိုးနှံအောင် လုပ်ဆောင်တဲ့ သတင်းအမှား တွေကိုလည်း တားမြစ်သွားမယ်လို့ အင်္ဂါနေ့က ထုတ်ပြန်ကြေညာပါတယ်။
MDN
ကိုးကား - AFP