နေပြည်တော် ၁၆ အောက်တိုဘာ
အမျိုးသားမြေ ဥပဒေရေးဆွဲပြုစုရေး အထောက်အကူပြုလုပ်ငန်းအဖွဲ့၏ ဒုတိယအကြိမ် အစည်း အဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ Online Virtual Meeting ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေး အထောက်အကူပြုလုပ်ငန်း အဖွဲ့ဥက္ကဋ္ဌ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်က Covid-19 ရောဂါ ဖြစ်ပွားမှုများကြောင့် အမျိုးသားမြေ ဥပဒေရေးဆွဲ ပြုစုရေး အထောက်အကူပြုလုပ်ငန်းအဖွဲ့၏ ဒုတိယအကြိမ် အစည်းအဝေးကို ယခုမှသာ ကျင်းပနိုင်ခြင်း ဖြစ်ပါကြောင်း၊ အမျိုးသားမြေဥပဒေရေးဆွဲပြုစု ရေးအထောက်အကူ ပြုလုပ်ငန်းအဖွဲ့၏ အဓိက လုပ်ငန်းတာဝန်မှာ အမျိုးသားမြေအသုံးချမှု မူဝါဒနှင့် ညီညွတ်သော မြေယာစီမံခန့်ခွဲရေးနှင့် သက်ဆိုင်သည့် တည်ဆဲဥပဒေ အသီးသီးကို လွှမ်းခြုံသည့် အမျိုးသား မြေဥပဒေ(မူကြမ်း)ကို ကနဦး ရေးဆွဲနိုင်ရေး ဖြစ်ကြောင်း၊ တည်ဆဲမြေ စီမံခန့်ခွဲရေးဆိုင်ရာ ဥပဒေများ သဟဇာတဖြစ်ရေးအတွက် မြေယာစီမံခန့်ခွဲရေး နှင့်သက်ဆိုင်သည့် တည်ဆဲ ဥပဒေများကို လေ့လာခြင်း၊ ပြင်ဆင်ဖြည့်စွက်ရန် လိုအပ်သည့် အချက်များ ဖော်ထုတ်ခြင်း တို့ကိုလည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းစီမံချက် (မူကြမ်း)ပါ လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အရပ်ဖက်လူမှု အဖွဲ့အစည်းများ၊ ကျွမ်းကျင်ပညာရှင်များ အဖွဲ့ဝင်အဖြစ်ပါဝင်ပြီး အထောက်အကူပြု လုပ်ငန်း အဖွဲ့ဝင်ဖြစ်သော သက်ဆိုင်ရာ ဝန်ကြီးဌာန၏ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေး မှူးချုပ်တို့အား အဖွဲ့ခေါင်းဆောင်အဖြစ် ပါဝင်ဖွဲ့စည်းထားသည့် လုပ်ငန်း အဖွဲ့ငယ်(၇)ဖွဲ့တို့က မိမိတို့တာဝန်ကျရာ ဆောင်ရွက်ရမည့်ကဏ္ဍများကို ဆောင်ရွက် သွားရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ထို့နောက် အထောက်အကူပြုလုပ်ငန်းအဖွဲ့ ဒုတိယအကြိမ်အစည်းအဝေးသို့ တက်ရောက် လာကြသည့် အထောက်အကူပြု လုပ်ငန်းအဖွဲ့ဝင်များက အကြံပြုဆွေးနွေးတင်ပြရာ အထောက်အကူပြု လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌက ပြန်လည်ဖြည့်စွက်ဆွေးနွေးသည်။
အစည်းအဝေးသို့ အထောက်အကူပြုလုပ်ငန်း အဖွဲ့ဝင်များဖြစ်ကြသော လွှတ်တော် ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် အရပ်ဖက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက် ကြကြောင်း သိရသည်။
(သတင်းစဉ်)


