ကျွန်းစု  ၁၆  အောက်တိုဘာ

 

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်အတွင်း မဲဆန္ဒနယ်ပြင်ပရောက်နေသော ကြိုတင်ဆန္ဒမဲ ပေး ပိုင်ခွင့်ရှိသူများ မဲပေးနိုင်ရေးအတွက် မဲဆန္ဒနယ်မြေ(၆)ခု၏ မဲပုံးများအား လုံခြုံရေးကြိုးများနဲ့ ချိပ်ပိတ်ခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီခွဲက မြို့နယ်ကျွန်းရတနာခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

မဲပုံးများ ချိပ်ပိတ်ခြင်းအခမ်းအနားကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဥက္ကဌ ဦးအောင်ဝင်း၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဌေးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သက်ဆိုင်ရာနိုင်ငံရေးပါတီဝင်များ တက်ရောက်ခဲ့ရာ ကျွန်းစုမြို့နယ်တွင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် (၁)ပုံး၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်(၂)ပုံး၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်(၂)ပုံး၊ ကရင်တိုင်းရင်းသားလူမျိုး တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်(၁)ပုံး စုစုပေါင်း ကြိုတင်မဲပုံး(၆)ပုံးကို တက်ရောက်လာသူများရဲ့ရှေ့တွင် လုံခြုံရေးကြိုးများ ချိပ်ပိတ်ခဲ့သည်။

 

ကျွန်းစုမြို့နယ်တွင် နိုင်ငံပြင်ပရောက် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၁၅၄)ဦး ရှိရာ ၎င်းတို့၏ မဲလက်မှတ်များအား ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အစီအစဉ်ဖြင့် သက်ဆိုင်ရာ သံရုံးများကို ပေးပို့ပြီး ဖြစ်ကြောင်း၊ မြို့နယ်၏ မဲဆန္ဒနယ်ပြင်ပရောက် အချုပ်သားများနှင့် သင်တန်းသားများ ကြိုတင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၆၄)ဦး၊ တပ်မတော်သားများနှင့် အတူနေအိမ်ထောင်စုဝင်များ ၄၆၀၊ ကြိုတင် ဆန္ဒမဲ လက်မှတ်များကို ဖြန့်ဝေပေးထားပြီး ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး အတွင်းရေးမှူး ဒေါ်ခြူးမျက်ခြယ်ထံမှ သိရသည်။

 

စည်သူရအောင်(ကျွန်းစု)