မြစ်သား ၁၆ အောက်တိုဘာ

 

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့ ပြည်သူ့ဆေးရုံတွင် ကျောက်ဆည်မြို့နယ်မှ ကိုဗစ်-၁၉ အတည်ပြု လူနာနှင့်အတူ စီးနင်းလိုက်ပါလာသော မြစ်သားမြို့နယ်မှ ပထမဆုံး ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာ(၁)ဦး ရောဂါပျောက်ကင်း၌ ယမန့်နေ့က ဆေးရုံဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါဆေးရုံဆင်းခွင့်ရရှိသည့် ကိုဗစ်-အတည်ပြုလူနာ(၁)ဦးအား မြစ်သားပြည်သူ့ဆေးရုံ၊ ကျန်းမာရေးဌာနမှူး ဒေါက်တာစိန်ပိုက ဆေးရုံဆင်းခွင့်ရသော်လည်း မိမိနေအိမ်တွင် (၇)ရက်တိတိ ဆက်လက် အနားယူနေထိုင်ရမည်ဖြစ်ကြောင်း မိသားစုများနှင့်အတူ ရောနှောနေ ထိုင်ခြင်းမပြုဘဲ၊ သီးခြားနေထိုင်ရမည်ဖြစ်ကြောင်း မှာကြားသည်။

 

ထို့နောက် မြစ်သားမြို့နယ်လုံးဆိုင်ရာ  မေတ္တာရှင် လူမှုကူညီရေး အသင်းသား/အသင်းသူများ စုပေါင်းကာ ပန်းကုံးစွတ်ခြင်း၊ လက်ဆောင် ပစ္စည်းပေးခြင်း တို့ဖြင့် ကြိုဆိုဂုဏ်ပြု၍ ၎င်းနေထိုင်ရာ ကျေးရွာအထိ လိုက်လံပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

မြစ်သားမြို့ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ(၂)ဦးရှိပြီး ယမန့်နေ့တွင်(၁)ဦး ဆေးရုံဆင်း ခွင့်ရရှိသဖြင့် တစ်ဦးသာကျန်ရှိတော့ကြောင်း သိရသည်။

 

မြမြမွန်(ပြန်/ဆက်)