လွိုင်ကော် ၁၆ အောက်တိုဘာ
ကယားပြည်နယ် ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမကြီး နော်ဝေနေထူး ဦးဆောင်သည့် သူနာပြု (၂၁)ဦးသည် ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူးရုံးမှ ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းရှိ ကိုဗစ်အတည်ပြုလူနာများ ထားရှိသည့် ဒဂုံဆိပ်ကမ်းကိုဗစ်ကုသရေးစင်တာတွင် သွားရောက် အားဖြည့် ကူညီဆောင်ရွက်ရန် ယနေ့နံနက် (၅)နာရီတွင် ထွက်ခွာသွားကြောင်း သိရသည်။
ရန်ကုန်တိုင်းရှိ ကိုဗစ်ကုသရေးစင်တာများသို့ သွားရောက်အားဖြည့်ကူညီဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ ကယားပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က “အဓိကကတော့ ကိုဗစ်ဆေးရုံတွေကို တာဝန်ယူပြီး ကျန်းမာရေးစောင့်ရှောက်မှုသွားတဲ့အဖွဲ့က (၂၁)ယောက်ပါ။ အဲ့ဒီ(၂၁)ယောက်ထဲမှာ သူနာပြုအသစ်က (၁၄)ယောက်ပါပါတယ်။ ကျန်တဲ့(၆)ယောက်က အဟောင်းတွေပါ။ အသစ်ဆိုတာက ပြီးခဲ့တဲ့လမှ လုပ်ငန်းကိုစတင်တာဝန်ထမ်းဆောင်တဲ့သူနာပြုတွေပေါ့။ အဲ့ဒီက (၁၄)ယောက် နောက် (၆) ယောက်ကတော့ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးက သူနာပြုဆရာမကြီး ဒေါ်နော်ဝေထူး ဦးဆောင်တဲ့ ကျန်တဲ့ အဟောင်း (၆) ယောက် နဲ့အတူ ရန်ကုန် ဒဂုံဆိပ်ကမ်းမှာရှိတဲ့ ကိုဗစ်ရောဂါကုသရေးဆေးရုံကို သွားရောက် တာဝန်ထမ်းဆောင် ကြမှာဖြစ်ပါတယ်။ အမျိုးသား (၂)ဦးပါပြီးတော့ အမျိုးသမီးသူနာပြု (၁၈)ဦး ဒဂုံဆိပ်ကမ်းဆေးရုံမှာ သွားရောက် တာဝန် ထမ်းဆောင်မှာဖြစ်ပါတယ်။ ဖားဆောင်းမြို့နယ်ဆေးရုံက ICU ပေါ့ ကျွန်တော်တို့ အရေးပေါ်ကြပ်မတ်ခန်းမှာ သွားရောက်တာဝန်ထမ်းဆောင်ဖို့ သူနာပြု တစ်ဦးပါပါတယ်။ သူကတော့အရေးပေါ် ကြပ်မတ်ဆောင်မှာ အထူးသင်တန်းတက်ထားတဲ့သူဖြစ်တဲ့အတွက်ကြောင့်မို့ ICU မှာ သွားရောက်တာဝန်ထမ်းဆောင်မှာဖြစ်ပါတယ်။” လို့ ပြောပါတယ်။
ကိုဗစ်ကုသရေးစင်တာသို့ သွားရောက်ကူညီထမ်းဆောင်သူတွေအတွက် ကူညီပံ့ပိုးမှုကို ဒေါက်တာဌေးလွင်က “ရန်ကုန်မှာသွားပြီးကူညီထမ်းဆောင်သူ(၂၁)ယောက်အတွက်ကို ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ ဦးဆောင်ပြီးတော့ စေတနာရှင်တွေက လှူဒါန်းငွေတွေနဲ့ ထောက်ပံ့ပေးတာ တွေရှိပါတယ်။ ရန်ကုန်မှာတာဝန်ထမ်းဆောင်ရမဲ့သူတွေအတွက် ပြန်လာရင် ပြည်နယ်အစိုးရကနေ ထောက်ပံ့ပေးမှာဖြစ်ပါတယ်။ ပြည်နယ်အစိုးရကနေပြီးတော့ အခု သုံးကြိမ်သွားတာပေါ့ သူနာပြုအားလုံးစုစုပေါင်း (၆၀)ဦးရှိပါပြီ။ အထူးပြု ဘာသာရပ်နဲ့သွားတာ (၂)ဦးပါ (၆၂)ဦး ဒါကကုသရေးပိုင်းကပေါ့။ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်အပိုင်းကဆိုရင် ဆရာဝန် (၂)ဦးနဲ့ကျွန်တော်တို့ကကျန်းမာရေးမှူး (၃)ဦးစေလွှတ်ထားပါတယ်။ စုစုပေါင်း (၆၇)ဦးစေလွှတ်ထားပါတယ်။ ပြည်နယ်အစိုးရက ပထမသုတ်နဲ့ဒုတိယသုတ်သွားတဲ့ အယောက်(၄၀)အတွက်ကို တစ်ယောက်(၁)သိန်းစီထောက်ပံ့မှုနဲ့ စုစုပေါင်း သိန်း(၄၀)ထောက်ပံ့ထားပြီးဖြစ်ပါတယ်။ စင်္ကာပူရောက် လွိုင်ကော်သူနာပြုများအဖွဲ့ကရယ်၊ အဲ့ဒါလဲသူတို့ကို (၅)သောင်းစီနှုန်းနဲ့ ထောက်ပံ့ပေးလိုက်ပါတယ်။ ကယားပြည်နယ်ယာဉ်ကြီးအသင်း (၅)သိန်း၊ စည်ပင်သာယာရေးနဲ့လူမှုရေးဝန်ကြီး ဦးဆောင်တဲ့ မေတ္တာမြေ လူမှုပရဟိတအဖွဲ့ကနေ (၂)သိန်း၊ အချို့အလှူရှင်တွေကလည်းထောက်ပံ့ကြတယ်” လို့လည်းဆိုပါတယ်။
ဦးဆောင်သွားမည့် လွိုင်ကော်ပြည်သူဆေးရုံကြီးမှ သူနာပြုဆရာမကြီး ဒေါ်နော်ဝေနေထူး က “ သွားမယ့် ကလေးတွေကို ကျမတို့က အားပေးထားတယ်။ ဘာဖြစ်လဲဆိုရင် ကျမတို့သူနာပြုတွေက သင်တန်းလည်း ၃ နှစ် တက်လာခဲ့တယ် Experience work ထဲမှာလည်းလုပ်လာခဲ့တယ် အဲခါကျတော့ ဘားမှအားငယ်စရာလည်းမလိုဘူး။ အခြားပရဟိတသမားတွေဆိုရင်လည်း သင်တန်းတွေမတက်ခဲ့ပေမယ့် စေတနာ့ဝန်ထမ်းဝင်လုပ်တယ်လေ။ အဲ့ခါကျ တော့ ကျမတို့သူနာပြုတွေက ၃နှစ်လည်းသင်တန်းတက်ခဲ့တယ် ဒီဟာနဲ့ပတ်သက်ပြီး စိမ်းမနေတော့ဘူးပေါ့နော်။ ဘားမှအားငယ်စရာမလိုဘူး သူတို့ကို စိတ်ဓတ်မြှင့်တင်ပေးတယ်။ ဘာပဲဖြစ်ဖြစ် ကျန်းမာရေးသူနာပြုရဲ့စိတ်ဓါတ် တွေပေါ့။ လူနာတွေကိုကူညီဖို့ ကျမတို့ကလေ ရန်ကုန်ကို တခြားနည်းနဲ့မကူညီနိုင်ပေမယ့်လည်း ကိုယ့်ရဲ့ပြည်ထောင်စုစိတ်ဓါတ်လေးနဲ့ပေါ့။ အုတ်တစ်ချပ်သဲတစ်ပွင့်ဖြစ်အောင်ပေါ့နော ကျမတို့အများကြီးမကူညီနိုင်ပေမယ့် အုတ်တစ်ချပ်သဲတစ်ပွင့်နဲ့ပဲ ကျမတို့ ဝိုင်းဝန်းကူညီဖို့ အဲလိုစိတ်ဓါတ်လေးတွေရှိကြပါတယ်” လို့ ပြောပါတယ်။
ကယားပြည်နယ်အနေနဲ့ ယခုလိုရန်ကုန်တိုင်းဒေသကြီးက ကိုဗစ်ကုသရေးစင်တာတွေမှာ စေတနာ့ဝန်ထမ်း Volunteer အနေနဲ့သွားရောက်ခဲ့တာ တတိယအကြိမ်မြောက်ခဲ့ပြီဖြစ်ပြီး ဦးရေအားဖြင့် (၆၇)ဦးစေလွှတ်ခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။
ကိုစိုင်း (လွိုင်ကော်)


